BREAKING
October 20, 2025

ထားဝယ်ဒေသခံ စစ်ရှောင်တစ်ဦး ထောက်ပို့ထီ တတိယဆု ကျပ်သိန်းတစ်ရာကံထူး

July 3, 2025

ပုံစာ - ထားဝယ်ခရိုင်အတွင်းက စစ်ဘေးရှောင်များ (ပုံဟောင်း)

ထားဝယ်ဒေသခံ စစ်ဘေးရှောင်တစ်ဦး ထောက်ပို့ထီ တတိယဆု ကျပ်သိန်းတစ်ရာ ကံထူးကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ထံမှ သိရသည်။

DNLA က ကိုယ်စားလှယ်ယူရောင်းသည့် ထောက်ပို့ထီကို ထိုးထားခြင်းဖြစ်ပြီး ထောက်ပို့ထီ ၁၈ ကြိမ်မြောက်ထီဖွင့်ရာတွင် ကံထူးခြင်းဖြစ်ကြောင်း DNLA ၏ တာဝန်ရှိသူတစ်ဦးက ပြောသည် ။

“သိန်း ၁၀၀ ဆုကတော့ ပြည်သူထဲကပေါက်ပြီး ပေါက်တာက ထားဝယ်ဒေသခံပြည်သူပါ။ ဒီထက်ထပ်ပြောရရင် မကြာခဏ စစ်ရှောင်နေရတဲ့ ပြည်သူအထဲကပါ။ ပေါက်တဲ့လူနဲ့ အဆက်သွယ်ရပါတယ်” ဟု ၎င်းက ပြောဆိုသည်။

DNLA ကိုယ်စားလှယ်ယူရောင်းသည့် ထီလက်မှတ်များတွင် ကျပ်ဆယ်သိန်းဆု၊ ငါးသိန်းဆု တစ်ဆုစီ၊ တစ်သိန်းဆု ငါးဆု နှင့် ငါးသောင်းဆု ခြောက်ဆယ်ကျော်လည်း ကံထူးခဲ့သေးကြောင်း အထက်ပါတာဝန်ရှိသူက ဆိုသည်။

၁၈ ကြိမ်မြောက်ထောက်ပို့ထီ ၏ ပထမဆု ကျပ်သိန်းတစ်ထောင်ဆုကို ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF- B05) တပ်ရင်း ၅ ထီကိုယ်စားလှယ်အဖွဲ့ က ကံထူးပြီး ဒုတိယဆု ကျပ်သိန်းနှစ်ရာကို ကိုးရီးယားနိုင်ငံ အခြေစိုက် နွေဦးစျေးသည် ထီကိုယ်စားလှယ်အဖွဲ့ က ကံထူးကြောင်း ထောက်ပို့ထီအဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် မေလကဖွင့်လှစ်သည့် ၁၆ ကြိမ်မြောက်ထောက်ပို့ထီဖွင့်ပွဲတွင်လည်း DNLA က ကိုယ်စားလှယ်ယူ ရောင်းသည့် အထဲက ထီထိုးထားသည့် ပြည်သူတစ်ဦး တတိယဆု ကျပ်သိန်းတစ်ရာ ကံထူးခဲ့သေးသည်။

DNLA အနေဖြင့် ထောက်ပို့ထီကို လွန်ခဲ့သည့် လေးလခန့်ကစ၍ ကိုယ်စားလှယ်ယူရောင်းနေခြင်းဖြစ်ပြီး ထီရောင်းအား တက်လာကြောင်း ယင်းတပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။

ထောက်ပို့ထီ ရောင်းချခဲ့သည့် သက်တမ်းတစ်လျှောက်တွင် တနင်္သာရီတိုင်းက ထီကိုယ်စားလှယ်အဖွဲ့များထံတွင် ထီဆု အမြင့်ဆုံးအဖြစ် ပထမဆု သုံးကြိမ် ၊ ဒုတိယဆုတစ်ကြိမ် နှင့် တတိယဆုနှစ်ကြိမ် ကံထူးထားကြောင်း ထောက်ပို့ထီအဖွဲ့ ၏ မှတ်တမ်းများတွင် ဖော်ပြသည်။

တစ်စောင်လျှင် မြန်မာကျပ်ငွေ ၂၀၀၀ နှုန်းဖြင့် ရောင်းချနေသည့် ထောက်ပို့ထီကို ထီကိုယ်စားလှယ်များမှတစ်ဆင့် တော်လှန်ရေးအင်အားစုများ စိုးမိုးနယ်မြေများတွင် ရောင်းချနေသလို၊ ထောက်ပို့အဖွဲ့များမှတစ်ဆင့် ပြည်ပနိုင်ငံများနှင့် အွန်လိုင်းတို့မှတစ်ဆင့် ရောင်းချနေသည်။

လစဥ် ၂ ရက်နေ့တိုင်း တိုက်ရိုက်ထုတ်လွှင့်ကာ ထီဖွင့်လေ့ရှိသည်။