လီဗာပူးအသင်း တိုက်စစ်မှူး ဒိုင်အိုဂိုဂျိုတာ စပိန်နိုင်ငံ အနောက်မြောက်ပိုင်းက ဇာမိုရာမြို့အနီးမှာ ကြာသပတေးနေ့ (ဇူလိုင် ၃ ရက်) က ကားမတော်တဆမှုတစ်ခု ဖြစ်ပွားပြီး ကွယ်လွန်သွားခဲ့ပြီလို့ စပိန်အစိုးရပိုင် ရုပ်မြင်သံကြားသတင်းဌာန TVE က ဖော်ပြထားပါတယ်။
အသက် ၂၈ နှစ်အရွယ် ပေါ်တူဂီလက်ရွေးစင် ကစားသမား ဂျိုတာ ဟာ ကစားသမားဘဝတစ်လျှောက် အောင်မြင်မှုများစွာ ရရှိခဲ့သူတစ်ဦး ဖြစ်ပြီး သူဟာ ပေါ်တူဂီအသင်းအတွက် ၄၉ ပွဲ ကစားခွင့်ရရှိရာမှာ သွင်းဂိုး ၁၄ ဂိုး ရယူပေးနိုင်ခြင်းနဲ့အတူ ယူအီးအက်ဖ်အေ နေးရှင်းလိဂ်ဖလားကို နှစ်ကြိမ်တိုင်တိုင် ဆွတ်ခူးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
ဂျိုတာ ဟာ လီဗာပူးအသင်း နဲ့အတူ ပရီးမီးယားလိဂ်ဖလား၊ အက်ဖ်အေဖလား နဲ့ ခရာဘောင်းဖလား တွေကို လည်း ဆွတ်ခူးရရှိခဲ့ပြီး လီဗာပူးအသင်း အရေးနိမ့်ခဲ့တဲ့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာလည်း သူက ပါဝင်ကစားခွင့်ရရှိခဲ့ပါတယ်။
သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေထက်က ဓာတ်ပုံမှတ်တမ်းတွေအရ ဂျိုတာ ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက် ကမှ လက်ထပ်ခဲ့တာဖြစ်ပြီး လက်ထပ်ပြီးတဲ့နောက် ရက်ပိုင်းအကြာမှာပဲ ဒီလိုဝမ်းနည်းဖွယ်ရာဖြစ်ရပ်ဆိုးကို သူက ကြုံဆုံရင်ဆိုင်လိုက်ရတာဖြစ်ပါတယ်။
အဆိုပါ မတော်တဆမှုမှာ ဂျိုတာရဲ့ ညီဖြစ်သူ အန်ဒရေး ဆေးလ်ဗားလည်း အသက်ဆုံးရှုံးသွားခဲပြီး ဂျိုတာရဲ့ ညီဖြစ်သူ အသက် ၂၅ နှစ်အရွယ် အန်ဒရေး ဆေးလ်ဗား ဟာ ပေါ်တူဂီ ဒုတိယတန်းလိဂ်က ပီနာဖေးလ်အသင်းမှာ ကစားသမားဘဝဖြတ်သန်းနေသူဖြစ်ပါတယ်။
Source – TVE







