BREAKING
October 18, 2025

စစ်ကောင်စီ တိုက်လေယာဉ် ဖားဆောင်းမြို့အနီး ပျက်ကျ

July 3, 2025

ဓာတ်ပုံ - Maui Karenni

စစ်ကောင်စီတပ်က ပျောက်ဆုံးနေသည့် တိုက်လေယာဉ်မှာ ကရင်နီ (ကယား) ပြည်နယ်၊ ဖားဆောင်းမြို့ အနီးတွင် ပျက်ကျခဲ့သည်ကို တွေ့ရှိကြောင်း ကရင်နီတော်လှန်ရေးအင်အားစုများက မီဒီယာများသို့ အတည်ပြုထားသည်။

ပျက်ကျခဲ့သည့် တိုက်လေယာဉ်၏ အပိုင်းအစများကို တွေ့ရှိထားကြောင်း ဓာတ်ပုံ၊ ရုပ်သံမှတ်တမ်းများနှင့်တကွ ကရင်နီတော်လှန်ရေးအင်အားစုများက ထုတ်ပြန်ထားသည်။

လေယာဉ်ပျက်ကျရာတွင် တိုက်လေယာဉ်မှူးနှစ်ဦးဟု ယူဆရသည့် ရုပ်အလောင်းနှစ်လောင်း တွေ့ရှိထားကြောင်းလည်း ကရင်နီတော်လှန်ရေးအင်အားစုများဘက်က မီဒီယာများသို့ ပြောဆိုထားသည်။

ပျက်ကျနေသည့် တိုက်လေယာဉ်ကို ဖားဆောင်းမြို့အနီး သံလွင်မြစ်ဘေးတွင် တွေ့ရှိခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က ဇွန်လ ၂၅ရက်မှ စတင်ကာ ဖားဆောင်းမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေကာ လေကြောင်းတိုက်ခိုက်မှုများဆက်တိုက် ပြုလုပ် နေကြောင်း ဒေသတွင်းသတင်းဌာနတစခုဖြစ်သည့် Karenni People’s Voice သတင်းတစ်ရပ်တွင် ဖော်ပြသည်။

စစ်ကောင်စီတပ်၏ တိုက်ခိုက်ရေးလေယာဉ်တစ်စင်း ဇူလိုင်လ ၁ရက် ညပိုင်းက လေ့ကျင့်ပျံသန်းနေစဉ် ရေဒါမြင်ကွင်းမှ ပျောက်ကွယ်ပြီး ဆက်သွယ်မှုပြတ်တောက်နေကြောင်း စစ်ကောင်စီက ယနေ့ ဇူလိုင်လ ၃ရက်တွင် ထုတ်ပြန်ကြေညာထားသည်။

ညပိုင်းတွင် ခရီးဝေးလေ့ကျင့်ရေးပျံသန်းစဉ် နေပြည်တော်၏ အရှေ့တောင်ဘက် ၁၃၀ ကီလိုမီတာ အကွာတွင် ရုတ်တရက် ပျောက်ဆုံးသွားခြင်းဖြစ်ပြီး စက်ချွတ်ယွင်းမှု (သို့မဟုတ်) ရုတ်တရက် ရာသီဥတုဆိုးရွားမှုကြောင့် ဖြစ်နိုင်ကြောင်း စစ်ကောင်စီက ဆိုသည်။

ပျက်ကျ တိုက်လေယာဉ်သည် တရုတ်ထုတ် FTC-2000G အမျိုးအစား နှစ်ယောက်မောင်း အမောင်းသင့်/အပေါ့စား တိုက်ခိုက်ရေးလေယာဉ်ဖြစ်ကြောင်း မြန်မာ့စစ်ဖက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI က ထုတ်ပြန်သည်။

အဆိုပါတိုက်လေယာဉ်သည် စစ်ကောင်စီတပ်တွင် ၁၂ စင်း ဝယ်ယူထားပြီး လက်ရှိလေကြောင်း တိုက်ခိုက်မှုများတွင် အဓိက အသုံးပြုနေကြောင်း ဖော်ပြသည်။