BREAKING
October 20, 2025

ဟေတီမြို့တော်တစ်ခုလုံးနီးပါးကိုဒုစရိုက်ဂိုဏ်းများ ထိန်းချုပ်ထားဟု ကုလပြော

July 3, 2025

ပုံစာ - ဟေတီဝန်ကြီးချုပ်အနီး လုံခြုံရေးယူပေးနေသည့် စစ်သားတစ်ဦးကို ဇူလိုင်လ ၃ ရက်နေ့တွင် တွေ့ရစဉ်။ ဓာတ်ပုံ - Odelyn Joseph/AP

ဟေတီတွင် နိုင်ငံမြို့တော် တစ်ခုလုံးနီးပါးကို ဒုစရိုက်ဂိုဏ်းများက ထိန်းချုပ်ထားပြီးဖြစ်ကြောင်း ကုလသမဂ္ဂအကြီးတန်းအရာရှိများက ဇူလိုင်လ ၂ ရက်နေ့တွင် သတိပေးပြောဆိုလိုက်သည်။

နိုင်ငံအနှံ့ ကြီးထွားလာနေသည့် အကြမ်းဖက်မှုများကို ဟေတီအစိုးရက ဟန့်တားနိုင်ခြင်း မရှိကြောင်းလည်း ၎င်းတို့က ပြောသည်။

ဟေတီမြို့တော် ပေါ်တိုပရင်းစ်၏ဧရိယာ ခန့်မှန်းခြေ ၉၀ ရာခိုင်နှုန်းသည် လက်ရှိတွင် ဒုစရိုက်ဂိုဏ်းများ၏ ထိန်းချုပ်မှုအောက် ကျရောက်နေကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုတိုက်ဖျက်ရေးဌာန အမှုဆောင်ဒါရိုက်တာ Ghada Fathy Waly က ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ပြောကြားခဲ့သည်။

အဆိုပါ ဒုစရိုက်ဂိုဏ်းများသည် ယခင်က ငြိမ်းချမ်းတည်ငြိမ်မှုရှိသည့် နေရာများတွင်ပါ အကြမ်းဖက်မှုများ တိုးချဲ့လုပ်ဆောင်လာကြောင်း သူမက ပြောသည်။

“အရင်တုန်းကဆိုရင် အကြမ်းဖက်မှုဒဏ်ကနေ လုံခြုံမှုရှိတဲ့ ဟေတီနိုင်ငံတောင်ပိုင်းမှာလည်း ဒုစရိုက်ဂိုဏ်းတွေနဲ့ ဆက်စပ်တဲ့ အကြမ်းဖက်မှုတွေ မြင့်တက်လာတာကို တွေ့ရပါတယ်” ဟု သူမက ပြောသည်။

“ဟေတီနိုင်ငံအရှေ့ပိုင်းမှာလည်း ဒုစရိုက်ဂိုဏ်းတွေက ရဲစခန်းနဲ့ အကောက်ခွန်ဝန်ထမ်းတွေကို တိုက်ခိုက်တာမျိုး တွေ့လာရပါတယ်” ဟုလည်း ဖြည့်စွက်ပြောကြားခဲ့သည်။

ဒုစရိုက်ဂိုဏ်းများ၏ ထိန်းချုပ်မှုပိုမိုကြီးမားလာသည်နှင့်အမျှ ပြဿနာများစွာနှင့်အတူ အစိုးရ၏ ထိန်းချုပ်နိုင်စွမ်း လျှင်လျှင်မြန်မြန် ကျဆင်းလာနေကြောင်း သူမက ထပ်လောင်းပြောကြားခဲ့သည်။

အခြေခံပြည်သူ့ဝန်ဆောင်မှုများကိုအစိုးရက မပံ့ပိုးပေးနိုင်သည့် အာဏာလေဟာနယ်ဒေသများတွင် ဒုစရိုက်ဂိုဏ်းများက ဝင်ရောက်နေရာယူခြယ်လှယ်လာကြပြီး စင်ပြိုင်အစိုးရပုံစုံ တည်ထောင်လာကြကြောင်း ၊ အဓိကကုန်သွယ်ရေးလမ်းကြောင်းများကို ဒုစရိုက်ဂိုဏ်းများက ထိန်းချုပ်ထားမှုကြောင့် တရားဝင်ကုန်သွယ်မှုများ ရပ်ဆိုင်းကာ လောင်စာဆီနှင့် ဆန်စပါးဈေးနှုန်း အဆမတန်မြင့်တက်လာစေကြောင်း သူမက ပြောသည်။

မြို့တော်တွင် ဒုစရိုက်ဂိုဏ်းများ အခိုင်အမာ ခြေကုပ်ယူလာနိုင်မှုက ဟေတီအစိုးရ လုံးဝလဲပြိုလုနီးနီး အခြေအနေရောက်စေကြောင်း ကုလသမဂ္ဂလက်ထောက်အတွင်းရေးမှူးချုပ် Miroslav Jenca က ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ပြောကြားခဲ့သည်။

နိုင်ငံတကာအသိုင်းအဝိုင်း၏ တိုးမြှင့်အရေးယူဆောင်ရွက်ခြင်းမရှိလျှင် ဟေတီအစိုးရ လုံးဝပြိုလဲသွားနိုင်ကြောင်း ၎င်းက သတိပေးသည်။

၂၀၂၁ ခုနှစ် ဇူလိုင်လတွင် ဟေတီသမ္မတ Jovenel Moïse လုပ်ကြံသတ်ဖြတ်ခံလိုက်ရပြီးကတည်းက ဟေတီနိုင်ငံတွင် ဒုစရိုက်ဂိုဏ်းများ အင်အားကြီးထွားလာခဲ့သည်။ ယင်းမတိုင်ခင်ကတည်းက ဒုစရိုက်ဂိုဏ်းများသည် ဟေတီနိုင်ငံမြို့တော်၏ ၈၅ ရာခိုင်နှုန်းကို ထိန်းချုပ်ထားကြောင်း ခန့်မှန်းထားသည်။

သမ္မတ Jovenel Moïse လုပ်ကြံသတ်ဖြတ်ခံလိုက်ရပြီးကတည်းက လက်ရှိအချိန်အထိ ဟေတီတွင် နောက်ထပ်သမ္မတသစ် မရှိသေးပေ။

Source: Associated Press