BREAKING
October 18, 2025

လမ်းပန်းဆက်သွယ်ရေး မကောင်းသဖြင့် ဒူးရင်းစေ့ အဝယ်ဒိုင်အချို့ အရောင်းအဝယ်ရပ်နား

July 3, 2025

မြိတ်-ထားဝယ်ကားလမ်းနှင့် မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းတို့တွင် နယ်မြေမတည်ငြိမ်မှုကြောင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲဖြစ်ပြီး ဒူးရင်းစေ့ အဝယ်ကျကာ တွက်ခြေမကိုက်သဖြင့် ဒူးရင်းစေ့ အရောင်းအဝယ် ပြုလုပ်သူအချို့ လုပ်ငန်းရပ်နားလိုက်ကြကြောင်း သိရသည်။

မြိတ်အဝယ်ဒိုင်၏ ဧပြီလကုန်ပိုင်း အဖွင့်စျေးမှာ ဒူးရင်းစေ့ တစ်ပိသာ ကျပ်လေးထောင်ဝန်းကျင် ရှိခဲ့ပြီး မေလတွင် ကျပ်တစ်ထောင့်ငါးရာဝန်းကျင်ခန့်သာ ရရှိတော့ကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

“စျေးလည်းမငြိမ် ၊ လမ်းခရီးလည်း မကောင်းလို့ အခုနှစ် လုံးဝမဝယ်ဖြစ်လိုက်ဘူး။ ပထမ ဝယ်ဖို့စုံစမ်းသေးတယ်။ လမ်းကြောင်းခရီးတွေ အဆင်မပြေတော့ ရပ်လိုက်တယ်။ ထားဝယ်မှာတော့ အခုနှစ် ဒူးရင်းစေ့ ဝယ်သမား မရှိတော့ဘူး။ လမ်းကြောင်းကလည်း ပိတ်လိုက် ဖွင့်လိုက် ဖြစ်နေလို့ လုပ်လို့မရဲကြဘူး။ အရင်ကဆို မြိတ်-ထားဝယ် ကား နေ့ချင်းရောက်တယ်။ အခုက မရတော့ဘူး” ဟု ထားဝယ်မြို့က ဒူးရင်းစေ့ အဝယ်ဒိုင်တစ်ဦးကပြောသည်။

မြိတ်-ထားဝယ် ကားလမ်းတွင် ယခုနှစ်ဆန်းကစ၍ ထိတွေ့တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်လာပြီး ကားလမ်းရက်ရှည်ပိတ်ဆို့မှုများလည်း မကြာခဏကြုံနေရကြောင်း၊ ဒူးရင်းစေ့ တင်ပို့ရာတွင် ကားသမားများကလည်း အာမခံမပေးသဖြင့် သယ်ယူပို့ဆောင်ရေး အခက်အခဲရှိကြောင်း ၎င်းကဆက်ပြောသည်။

ဒေသမျိုးဒူရင်းသီးများ၏ အစေ့ကိုသာ အရောင်းအဝယ်ပြုလုပ်ခြင်းဖြစ်ပြီး သယ်ယူပို့ဆောင်ရင်း အပင်ပေါက်သွားသည့် အစေ့များကို အဝယ်ဒိုင်က ဝယ်ယူခြင်းမရှိတော့ကြောင်း ဒူးရင်းစေ့ အဝယ်ဒိုင်များပြောသည်။

ထားဝယ်ဒေသထွက် ဒူးရင်းစေ့ကို မြိတ်သို့ ကားလမ်းမှတစ်ဆင့် တင်ပို့ပြီး ထိုင်းနိုင်ငံသို့ မောတောင်ကားလမ်း ၊ ကော့သောင်း ရေလမ်းမှတစ်ဆင့် ပြန်ပို့ကာ ရောင်းချခြင်းဖြစ်သည် ဟု ဒူးရင်းစေ့ လုပ်ငန်းလုပ်ကိုင်သူများထံမှသိရသည်။

မြိတ်ဒေသရှိ ဒူးရင်းစေ့ စျေးကွက်တွင်လည်း ဒူးရင်းစေ့ အဝယ်စျေး တစ်ပိသာ လျှင် ကျပ်တစ်ထောင်ဝန်းကျင်သာရှိနေပြီး အဝယ်ဒိုင်အချို့ ပြီးခဲ့သည့် မေလကတည်းက အရောင်းရပ်ထားကြောင်း သိရှိရသည်။

“အခုက စျေးကွက်ကို မရှိတော့ဘူး။ မောတောင်လမ်းက ပို့ရင် နီးတယ်ဆိုတော့ စျေးနည်းနည်းပိုရတယ်။ ကော့သောင်းလမ်းက စရိတ်လည်းကြီးတယ်။ ကမ်းကူးခတွေလည်း စျေးကြီးတယ်။ ပြီးတော့ အခုနှစ် ထိုင်းဘက်ကလည်း အဝယ်နည်းတယ်” ဟု မြိတ်မြို့က ဒူးရင်းစေ့ အဝယ်ဒိုင် အမျိုးသမီးတစ်ဦး ကပြောသည်။

ဒူးရင်းစေ့ တင်ပို့သည့် လမ်းကြောင်းတစ်ခုဖြစ်သည့် နယ်စပ်ကုန်သွယ်ရေး လမ်းဖြစ်သော တနင်္သာရီ – မောတောင်လမ်းပိုင်းတွင်လည်း စစ်ကောင်စီ နှင့် တော်လှန်ရေးအင်အားစုများအကြား နှစ်ဝက်ကျော်အကြာ စစ်ရေးတင်းမာကာ တိုက်ပွဲများ ဆက်ရှိနေဆဲဖြစ်သည်ဟု ဒေသခံများထံမှသိရသည်။

အဝယ်စျေးနည်းသော်လည်း ရသည့်စျေးဖြင့် ဒူးရင်းစေ့ အရောင်းအဝယ်ပြုလုပ်နေသူအချို့လည်း ကျန်သေး ကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

“ပြီးခဲ့တဲ့တစ်နှစ်က တစ်ပိသာ တစ်သောင်းရှစ်ထောင် (ကျပ်) အထိရဖူးတယ်။ အခုက ငါးရာစျေးပဲရှိတယ်။ ပစ်ချရမယ့်အတူတူ ရောင်းနေကြတဲ့သူတွေတော့ရှိတယ်။ လိုက်ဝယ်တဲ့သူတော့ နည်းသွားတယ် ” ဟု တနင်္သာရီမြို့နယ် က ဒူးရင်းခြံရှင် တစ်ဦးကပြောသည်။

လွန်ခဲ့သည့် ငါးနှစ်ခန့်က ဒူးရင်းစေ့ တစ်ပိဿာကို ၇၀၀ဝကျပ်အထိ စျေးရပြီး နောက်ပိုင်းနှစ်များတွင် တစ်ပိဿာကို ၅၀၀ဝကျပ်၊ ၃၀၀ဝကျပ်၊ ၁၅၀ဝကျပ်အထိ ဈေးနှုန်း ကျဆင်းသွားကာ ယမန်နှစ်က ကျပ်နှစ်သောင်းဝန်းကျင်အထိ စျေးပြန်တက်ခဲ့ဖူးသည်ဟု ဒူးရင်းစေ့ဝယ်သူများထံမှသိရသည်။

ဒူးရင်းစေ့ အရောင်းအဝယ် ကို နှစ်စဥ် သင်္ကြန်ကာလနောက်ပိုင်းမှစ၍ ဇူလိုင်လ ၊ သြဂုတ်လအထိ အရောင်းအဝယ်ပြုလုပ်လေ့ရှိကြောင်း ဒူးရင်းစေ့ အရောင်းအဝယ်ပြုလုပ်သူများကပြောသည်။

ထိုင်းနိုင်ငံတွင် ဒူးရင်းစေ့ကို ဆပ်ပြာ၊ အသားလှဆီ စသည့် လူသုံးအလှကုန်များ ထုတ်လုပ်ရာတွင် အသုံးပြုလေ့ရှိသည်။

ယင်းအပြင် ဂျုံမှုန့်နှင့် မုန့်အမျိုးမျိုး လုပ်ရာတွင်လည်း အသုံးပြုသလို အပင်မျိုးစပ်ကိုင်းကူးရာတွင်လည်း အသုံးပြုကြသည်။