BREAKING
June 5, 2025

ထောက်ပို့ထီ တတိယဆု ကျပ်သိန်းတစ်ရာကို ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦး ကံထူး

June 3, 2025

တော်လှန်ရေးအင်အားစုများ စီစဥ်သည့် ထောက်ပို့ထီ၏ ၁၇ ကြိမ်မြောက် ထီဖွင့်ပွဲတွင် ဆုကြီးသုံးဆုအနက် တတိယဆု ကျပ်သိန်းတစ်ရာဆုကို ထားဝယ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ တပ်ရင်း ၏ ထီကိုယ်စားလှယ် အဖွဲ့တွင် ကံစမ်းမဲ ထိုးထားသူတစ်ဦး ကံထူးခဲ့ကြောင်း ယင်းတပ်ရင်းထံမှသိရသည်။

ထီလက်မှတ်နံပါတ် ၀၃၂၀၅၀၀ ဖြင့် ကံထူးခဲ့ခြင်းဖြစ်ပြီး ကံထူးသူသည် ထိုင်းရောက်ရွှေ့ပြောင်းမြန်မာလုပ်သားတစ်ဦးဖြစ်သည်ဟု ထားဝယ်ခရိုင်၊ အမှတ် တပ်ရင်း ၏ ဘဏ္ဍာရေးရှာဖွေရေး လူမှုကွန်ရက်စာမျက်နှာဖြစ်သည့် ဝိုင်းတွန်းဇို့ အဖွဲ့၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ထီပေါက်တဲ့သူက ထားဝယ်ဒေသခံတော့မဟုတ်ဘူး။ ထိုင်းရောက်မြန်မာတစ်ဦးပါပဲ။ ကျန်တဲ့အချက်အလက်ကတော့ လုံခြုံရေးအရ ပြောလို့မရသေးဘူး။ ကံထူးသူနဲ့တော့ အဆက်အသွယ်ရပြီးပါပြီ” ဟု ၎င်းကပြောဆိုသည်။

ဝိုင်းတွန်းဇို့ အဖွဲ့တွင် ထီထိုးထားသည့် ထီလက်မှတ်များမှ တတိယဆုအပြင် ဆုငယ်လေးဆယ်နီးပါးလည်း ကံထူးခဲ့သေးသည်ဟု ယင်းအဖွဲ့က ကြေညာထားသည်။

ဆယ်ကြိမ်မြောက် ထောက်ပို့ထီ ဖွင့်ပွဲတွင်လည်း ပထမဆုကို ထားဝယ်ခရိုင်၊ တပ်ရင်း ၁ မှ ရဲဘော်တစ်ဦးအတွက် အစ်မဖြစ်သူက ထိုးထားသည့် ထီလက်မှတ်ဖြင့် ပထမဆု ကံထူးဖူးသဖြင့် တပ်ရင်း အနေဖြင့် ဆုကြီး ကံထူးနေသည်မှာ နှစ်ကြိမ်ရှိပြီဖြစ်သည်ဟု ဝိုင်းတွန်းဇို့ အဖွဲ့ထံမှသိရသည်။

၁၇ ကြိမ်မြောက် ထောက်ပို့ထီ ဖွင့်ပွဲတွင် ထီကိုယ်စားလှယ် အဖွဲ့ သုံးရာကျော်က ရောင်းချထားသည့် ထီလက်မှတ်အစောင်ရေ ဆယ်သိန်းကျော်ထဲမှ ဆုကြီး သုံးဆုအပါအဝင် ပေါက်မဲ ၃၅၁၀ ဆု ချီးမြှင့် ခဲ့ကြောင်း ထောက်ပို့ထီ အဖွဲ့က ထုတ်ပြန်ထားသည်။

တစ်စောင်လျှင် မြန်မာကျပ်ငွေ ၂၀၀၀ နှုန်းဖြင့် ရောင်းချနေသည့် ထောက်ပို့ထီကို ထီကိုယ်စားလှယ်များမှတစ်ဆင့် တော်လှန်ရေးအင်အားစုများ စိုးမိုးနယ်မြေများတွင် ရောင်းချနေသလို၊ ထောက်ပို့အဖွဲ့များမှတစ်ဆင့် ပြည်ပနိုင်ငံများနှင့် အွန်လိုင်းတို့မှတစ်ဆင့် ရောင်းချနေခြင်းဖြစ်ပြီး လစဥ် ၂ ရက်နေ့တိုင်း တိုက်ရိုက်ထုတ်လွှင့်ကာ ထီဖွင့်လေ့ရှိသည်။