BREAKING
June 5, 2025

ပုလောတွင် စစ်ကောင်စီ စစ်ကြောင်းနှင့် တော်လှန်ရေးတပ် တိုက်ပွဲဖြစ်

June 3, 2025

ပုံစာ - တပိုကျေးရွာတစ်နေရာအား တွေ့ရစဉ်(ပုံဟောင်း)

ပုလောမြို့နယ်၊ တပိုကျေးရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့ ဇွန်လ ၂ ရက်က တိုက်ပွဲဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။

မွန်းလွဲ ၂ နာရီခန့်တွင် အင်အား ၁၀၀ ဝန်းကျင်ပါသည့် စစ်ကောင်စီတပ်သည် စက်တော်ရာကျေးရွာဘက်မှ စစ်ကြောင်း ထိုးလာချိန် တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ရာ တစ်နာရီဝန်းကျင်ကြာ တိုက်ပွဲဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိသည်ဟုသိရပြီး တော်လှန်ရေးပူးပေါင်းတပ်ဘက်က ထိခိုက်မှုမရှိကြောင်း ၎င်းက ဆိုသည်။

“စစ်ကောင်စီဘက်က စက်တော်ရာကျေးရွာကို ပြန်ဆုတ်သွားတယ်” ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောဆိုသည်။

လက်ရှိတွင် တိုက်ပွဲဖြစ်ပွားသည့်နေရာတစ်ဝိုက်ကို တော်လှန်ရေးတပ်များက နယ်မြေရှင်းလင်းရာ စစ်ကောင်စီတပ်က ထိခိုက်မှုရှိ၍ ဆေးကုသထားသည့် အနေအထားများတွေ့ရကြောင်း ၎င်းက ပြောသည်။

ပုလောမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံကလည်း တိုက်ပွဲဖြစ်ပွားသည်မှာ မှန်ကန်ပြီး အသေးစိတ် အကြောင်းအရာကို မသိရသေးကြောင်း ပြောဆိုသည်။

“အခြေအနေကတော့ အားလုံးမသိသေးဘူးခင်ဗျား။ အပြင်ပန်းလောက်ပဲ သိသေးတာ။ တာဝန်ခံနဲ့ ဆက်သွယ်ပြီး မေးပြီးမှပဲ ပြန်ပြောပေးလို့ရမယ်”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်စစ်ကြောင်းအား NUG ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) နှင့် ပုလော ပကဖတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။

ပုလောမြို့နယ် တပိုကျေးရွာ၊ စက်တော်ကျေးရွာဝန်းကျင်တွင် ယခုနှစ်ဆန်းပိုင်းက စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲပြင်းထန်ခဲ့သည်။