ထားဝယ်မြို့နယ်၊ ရှင်မုတ္ထီးကျေးရွာအုပ်စု၊ စော်ဝရွာတွင် ဇွန်လ ၁ ရက်က လက်နက်ကြီးပစ်ခတ်ခံရ၍ ကျည်စထိမှန်ကာ ပျံလွန်တော်မူခဲ့သည့် သစ်ဆိမ့်ပင်ကျောင်းဆရာတော် ၏ အန္တိမအဂ္ဂိစျာပန အခမ်းအနားကို ဇွန်လ ၅ ရက်တွင် ကျင်းပမည်ဟု တပည့်၊ တကာများထံမှသိရသည်။
ဘုန်းကြီးကျောင်း အရှေ့ရှိ ကွင်းပြင်၌ပင် လောင်တိုက်ပြုလုပ်၍ မီးသင်္ဂြိုဟ် စျာပနပြုလုပ်မည်ဟု ၎င်းတို့ကဆိုသည်။
“စျာပနကတော့ ကိုယ်လုပ်ချင်တဲ့ ပမာဏဆိုတာထက် လုပ်လို့ရတဲ့ အခြေအနေထဲကပဲ လုပ်ဆောင်သွားမှာပါ။ အရမ်းအကြီးအကျယ်တော့ လုပ်မရပါဘူး။ အခုလက်ရှိကတော့ ဓမ္မာရုံအထဲမှာ အပူဇော်ခံထားပါတယ် ” ဟု သစ်ဆိမ့်ပင်ကျောင်း ဆရာတော် ၏ တပည့်ရဟန်းတစ်ပါးက မိန့်သည်။
လက်နက်ကြီးပစ်ခတ်သံများ မကြားရတော့သော်လည်း လက်နက်ငယ်ပစ်ခတ်သံအချို့ကိုမူ ဇွန်လ ၂ ရက်နေ့ ညပိုင်းကအထိ ကြားနေရသေးကြောင်း စော်ဝရွာသားများထံမှသိရသည်။
” အခုက ရွာမှာ နေကျန်ခဲ့သူနည်းနည်းပဲရှိတယ်။ မြို့ပေါ်ရှောင်တဲ့သူနဲ့ အခြားနေရာကို ရွှေ့တဲ့သူတွေများတယ်။ ကျန်နေတဲ့သူတွေကလည်း ဘုန်းကြီးပျံအတွက်ကျန်နေသူတွေပါ။ ဘုန်းကြီးပျံပြီးတဲ့အထိ အခြေအနေမကောင်းရင် ကျွန်မတို့ကိုယ်တိုင်လည်း တစ်နေရာရာရွေ့ရမယ်” ဟု စော်ဝရွာခံ အမျိုးသမီးတစ်ဦးကပြောသည်။
ဇွန်လ ၁ ရက်နေ့ မွန်းလွဲပိုင်းတွင် တော်လှန်ရေးတပ်များက ရွှေဂူတံတားရှိ စစ်ကောင်စီဂိတ်အား ဝင်ရောက်တိုက်ခိုက်ခဲ့ကာ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းအထိ လက်နက်ကြီးပစ်ကူများ အသုံးပြုပစ်ခတ်ခဲ့ကြောင်း ဒေသခံများနှင့် ထားဝယ်မြို့ခံများထံမှ သိရသည်။
လက်နက်ကြီးကျည်ဆန်များသည် စော်ဝရွာ ဘုန်းကြီးကျောင်းနှင့် ကျေးရွာအတွင်း ကျရောက်ကာ သစ်ဆိမ့်ပင်ဆရာတော်နှင့် ကိုချစ်ဦး ဆိုသူတို့ လက်နက်ကြီးအစထိမှန်၍ အသက်ဆုံးရှုံးခဲ့ရသည်။
ယင်းအပြင် သစ်ဆိမ့်ပင်ကျောင်းအတွင်း တည်ထားသည့် ရှေ့ဟောင်းသမိုင်းဝင် ပသျှူးကြောက်ဘုရားသိမ် အမိုးဘုံအဆင့်၊ စင်္ကြံလမ်း၊ ဆွမ်းစားကျောင်းနှင့် ဆရာတော်စံကျောင်းတို့တွင် ကျည်စထိမှန်၍ ပျက်စီးနေသည်ကို မှတ်တမ်းဓာတ်ပုံများနှင့် စျာပနကိစ္စကူညီပေးနေသည့် တကာများ ၏ ပြောပြချက်အရသိရသည်။