BREAKING
June 5, 2025

စစ်ဘေးရှောင်ရသဖြင့် လောင်းလုံးက မွေးမြူရေးသမားများနှင့် လယ်သမား‌များ အခက်တွေ့

June 3, 2025

ဓာတ်ပုံ - Dawei Watch

တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသည်မှာ ငါးရက်ခန့်ရှိလာပြီဖြစ်သည့် လောင်းလုံးမြို့နှင့် အနီးအနား ကျေးရွာများက မွေးမြူရေးသမားများနှင့် လယ်သမားများ အခက်အခဲကြုံနေကြောင်း စုံစမ်းသိရသည်။

ထားဝယ်မြို့ဘက်မှ အသားစားကြက်ဝယ်မည့် ဖောက်သည်များ တိုက်ပွဲဖြစ်ပွားနေသည့် လောင်းလုံးမြို့ဘက်သို့ မဆင်းရဲတော့ခြင်း၊ ဒေသတွင်းဈေးများတွင် ရောင်းချသူများမှာလည်း စစ်ဘေးရှောင်နေရခြင်းတို့ကြောင့် ဝယ်ယူသူမရှိဘဲ ဖြစ်နေကြောင်း ကြက်မွေးမြူရေးသမားအချို့က ပြောသည်။

“ဝယ်မယ့်သူ မရှိတော့ ဒီအတိုင်း ကြက်တွေကို အစာကျွေးကျွေးပြီး ပုံမှန်ပြန်ဖြစ်မယ့်အခြေအနေကို စောင့်နေတာပဲ ရှိတာပေါ့။ ကြက်အကောင် ငါးရာ၊ တစ်ထောင်လောက်ကို အစားကျွေးနေရတဲ့ စာရိတ်ပဲ နေ့တိုင်းတက်နေတာ” ဟု ကျောက်ဖြူရွာက ‌ကြက်မွေးမြူရေးသမားတစ်ဦးက ဆိုသည်။

ရောင်းတန်းဝင် အသားစားကြက်အကောင်ရေ တစ်‌ထောင်ဆိုပါက တစ်ရက်လျှင် အစာသုံးအိတ်ကျွေးရပြီး အစာတစ်အိတ်တန်ဖိုးမှာ တစ်သိန်းငါးသောင်းကျပ်ရှိကြောင်း ကြက်မွေးမြူးရေးသမားတို့ထံမှ သိရသည်။

ယင်းအတွက်ကြောင့် ရောင်းတန်းဝင် ကြက်အကောင်တစ်ထောင်အတွက် တစ်ရက်လျှင် လေးသိန်းငါးသောင်းကျပ် နေ့တိုင်း အပိုကုန်ကျနေကြောင်း ၎င်းတို့က ပြောဆိုသည်။

“ရက်ကြာလာလေ ကိုယ့်အတွက်ကျန်တာနည်းလေပဲ။ အခုဆို ‌သုံးလေးရက်ရှိလာပြီဆိုတော့ အရင်းရတဲ့သူက‌တော့ ကံကောင်းပဲ” ဟု ကျောက်ဖြူရွာ ကြက်မွေးမြူရေးသမားက ပြောသည်။

အဓိကတိုက်ပွဲဖြစ်ပွားရာ လောင်းလုံးမြို့ပေါ်က မွေးမြူရေးသမားတို့မှာ မွေးထားသည့်အကောင်များကို အစာရေစာများ မကျွေးနိုင်တော့ဘဲ ပစ်ထားခဲ့ကြရကြောင်း ကြက်မွေးမြူးရေးသမားတို့ထံမှ သိရသည်။

“ကျွန်တော်အိမ်က ဝက်ဆယ့်ငါးကောင်းဆို အစာမစားရတာ သုံးရက်ရှိပြီ” ဟု လောင်းလုံးမြို့ အနောက်ပြင်ရပ်က စစ်ဘေးရှောင်တစ်ဦးက ဆိုသည်။

ယင်းအပြင် မိုးစပါးစိုက်ပျိုးရန် ထွန်းယက်ချိန်ရောက်နေပြီဖြစ်သော်လည်း လောင်းလုံးမြို့အနီးရှိ ‌လယ်သမားများမှာ လယ်ထဲမဆင်းနိုင်ဘဲ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း လယ်သမားအချို့က ပြောသည်။

“လက်နက်ကြီးတွေက ဟိုနားကျ၊ ဒီနားကျနေတော့ လယ်ထဲမပြောနဲ့ ကိုယ့်အိမ်တောင် ဘယ်လိုဖြစ်နေပြီလဲ သွားကြည့်လို့မရဲဘူး” ဟု စစ်ပြဲကျေးရွာမှ လယ်သမားတစ်ဦးက ပြောသည်။

တိုက်ပွဲအတွင်း ပစ်ခတ်သည့် လက်နက်ကြီးကျည်အချို့မှာ လယ်ကွင်းစပ်များသို့လည်း ကျရောက်ပေါက်ကွဲနေသဖြင့် လုပ်ငန်းခွင် မဝင်ရဲသေးသူများလည်းရှိနေကြောင်း လယ်သမားအချို့က ပြောဆိုသည်။

လောင်းလုံးမြို့တွင် မေလ ၃၀ ရက်မှစပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားလာသဖြင့် အနီးအနားရှိ လောင်းလုံးမြို့ခံများအပါအဝင် သဗျာ၊ ပြင်းထိန်၊ စစ်ပြဲ၊ ညင်းမော် စသည့်ကျေးရွာတို့မှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။