တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့တွင် ဇွန်လ ၂ ရက်က ပြုလုပ်ခဲ့သည့် ရုရှား – ယူကရိန်း ငြိမ်းချမ်းရေး ဒုတိယအကြိမ် တိုက်ရိုက်ဆွေးနွေးပွဲတွင် အပစ်ရပ်သဘောတူညီမှု မရဘဲ နှစ်ဘက်စစ်သုံ့ပန်းလဲလှယ်ရေး သဘောတူညီမှုဖြင့်သာ အဆုံးသတ်သွားခဲ့သည်။
စစ်ပွဲအဆုံးသတ်ရေးနှင့်ပတ်သက်၍ နှစ်ဖက်စလုံးက နက်နက်ရှိုင်းရှိုင်း အမြင်သဘောထား ကွဲလျက်ရှိဆဲကြောင့် ဆွေးနွေးပွဲ မစတင်မီကတည်းက ဆွေးနွေးပွဲရလဒ်အပေါ် မျှော်လင့်ချက် နည်းခဲ့သည်။
စစ်မက်ဖြစ်ပွားနေသော နေရာအချို့တွင် နှစ်ရက် သို့မဟုတ် သုံးရက်တာ ယာယီအပစ်ရပ်ရေးကို ၎င်းတို့ဘက်က အဆိုပြုခဲ့ကြောင်း ရုရှားကိုယ်စားလှယ်အဖွဲ့က ဆိုသည်။
ရုရှားအစိုးရပိုင်မီဒီယာများ၏ ဖော်ပြချက်အရ ရုရှားဘက်က အဓိကတောင်းဆိုချက်များတွင် ရုရှား တစိတ်တပိုင်း သိမ်းပိုက်ထိန်းချုပ်ထားသည့် ယူကရိန်းနယ်မြေလေးခုမှ ယူကရိန်းစစ်တပ် ဆုတ်ခွာပေးရေး၊ ယူကရိန်းစစ်သားများကို လက်နက်ဖြုတ်သိမ်းရေးတို့ ပါဝင်သည်။
ယူကရိန်းပိုင် Donetsk ၊ Luhansk ၊ Kherson ၊ Zaporizhzhia ဒေသများနှင့် ရုရှားသိမ်းပိုက်ထားသည့် ယူကရိန်းပိုင် ခရိုင်းမီးယားဒေသကို ရုရှားပိုင်နက်အဖြစ် နိုင်ငံတကာက အသိအမှတ်ပြုရန် ရုရှားဘက်က တောင်းဆိုခဲ့သည်။
ရုရှား၏ တောင်းဆိုချက်များတွင် မည်သည့်စစ်ရေးမဟာမိတ်စုဖွဲ့မှုတွင်မဆို ယူကရိန်း ပါဝင်ခြင်း မရှိရန်၊ ယူကရိန်းစစ်တပ်၏ အရွယ်အစားကို ထိန်းချုပ်မည့် အကန့်အသတ်တစ်ခု ထားရှိရန်၊ ယူကရိန်း၏ တရားဝင်ရုံးသုံး ဘာသာစကားအဖြစ် ရုရှားဘာသာစကားကို သတ်မှတ်ရန်၊ ရုရှားအပေါ် ချမှတ်ထားသည့် နိုင်ငံတကာ အရေးယူပိတ်ဆို့မှုများကို ဖယ်ရှားပေးရန်တို့လည်း ပါဝင်သည်။
ရက် ၃၀ ကြာ ခြွင်းချက်မရှိ အပြည့်အဝ အပစ်အခတ်ရပ်စဲရေးနှင့် သတ်ဖြတ်မှုများ ယခုချက်ချင်း ရပ်ဆိုင်းရေးကို ယူကရိန်းကိုယ်စားလှယ်အဖွဲ့က တောင်းဆိုခဲ့သည်။
ယူကရိန်းနှင့် ၎င်း၏ ဥရောပမဟာမိတ်များအပြင် အမေရိကန်တို့၏ အဓိကတောင်းဆိုချက်ဖြစ်သည့် ခြွင်းချက်မရှိ အပြည့်အဝ အပစ်အခတ်ရပ်စဲရေးကို ရုရှားဘက်က ထပ်မံငြင်းဆန်ခဲ့ကြောင်း ယူကရိန်းကိုယ်စားလှယ်များက ဆိုသည်။
တစ်နာရီကျော်သာ ကြာမြင့်သည့် အဆိုပါဆွေးနွေးပွဲအတွင်း ရုရှားနှင့် ယူကရိန်းနှစ်ဘက်စလုံးက ကျဆုံးစစ်သား ၁၂၀၀၀ ၏ ရုပ်အလောင်းများကို လဲလှယ်ကြရန် နှစ်ဖက်သဘောတူညီမှု ရရှိခဲ့သည်။

လာမည့် ရက်သတ္တပတ်အတွင်း ယူကရိန်းစစ်သား ၆၀၀၀ ၏ ရုပ်အလောင်းကို ရုရှားက ယူကရိန်းထံ ပြန်လွှဲပြောင်းသွားမည်ဖြစ်ကြောင်း ရုရှားကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဗလာဒီမာမက်ဒင်စကီက ပြောသည်။
ရုရှားစစ်သားဦးရေ ၆၀၀၀ ၏ ရုပ်အလောင်းကို ရုရှားထံ ပြန်လွှဲပြောင်းမည်ဖြစ်ကြောင်း ယူကရိန်းသမ္မတဇလန်းစကီးကလည်း ပြောဆိုသည်။ သို့သော် မည်သည့်အချိန်တွင် ပြန်လွှဲပြောင်းပေးမည်ဆိုသည်ကို ဇလန်းစကီးက ထည့်သွင်းပြောကြားခြင်းမရှိခဲ့ပေ။
၂၀၁၄ ခုနှစ်တွင် ရုရှား သိမ်းယူခဲ့သည့် ခရိုင်းမီးယားတောင်ပိုင်းဒေသအပါအဝင် ယူကရိန်းနယ်မြေစုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းကို လက်ရှိတွင် ရုရှားက သိမ်းပိုက်ထိန်းချုပ်ထားသည်။
မေလ ၁၆ ရက်က ပြုလုပ်ခဲ့သည့် ရုရှား – ယူကရိန်း ပထမဆုံး တိုက်ရိုက်ဆွေးနွေးပွဲတွင်လည်း စစ်ပွဲအဆုံးသတ်ရေးနှင့် ပတ်သက်၍ သဘောတူညီမှု မရရှိခဲ့ဘဲ နှစ်ဘက်စစ်သုံ့ပန်း ၁၀၀၀ စီ အပြန်အလှန် လဲလှယ်ရေးဖြင့်သာ အဆုံးသတ်ခဲ့သည်။
ရုရှားသည် ယူကရိန်းနယ်မြေများကို ပိုမိုသိမ်းပိုက်ရရှိနိုင်ရန်အတွက် အဓိပ္ပါယ်ရှိသော ငြိမ်းချမ်းရေးဆွေးနွေးမှုများကို နှောင့်နှေး ကြန့်ကြာအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေကြောင်း ယူကရိန်းနှင့် ဥရောပမဟာမိတ်များက ထပ်တလဲလဲ စွပ်စွဲထားသည်။
Source: BBC