BREAKING
June 5, 2025

ကော့သောင်းဇာတိ စစ်ကောင်စီတပ်သားသစ်နှစ်ဦး ကော့သောင်းပကဖထံ ဘက်ပြောင်းခိုလှုံ

June 3, 2025

စစ်ကောင်စီ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်နှစ်ဦး ဘက်ပြောင်းခိုလှုံလာကြောင်း ကော့သောင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ဇွန်လ ၂ ရက်တွင် ထုတ်ပြန်သည်။

ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့ ရှိ နန္မသွန်‌ ရှေ့တန်းခြေကုတ်စခန်း စစ်ကောင်စီ အမှတ် ၃၄၂ ခြေမြန်တပ်ရင်းက တပ်သား နှစ်ဦး မေလ ၂၇ ရက်တွင် ဘက်ပြောင်းလာခြင်းဖြစ်ကြောင်း ကော့သောင်းမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

“အလင်းဝင်လာသူတွေက ကော့သောင်းဒေသခံတွေပါ။ ကျွန်တော်တို့ဆီ ဖုန်းနဲ့ဆက်သွယ်ပြီး ရောက်လာတယ်။ လက်နက်တွေကတော့ သူတို့လာတဲ့ လမ်းတစ်ခုက ‌ရေချောင်းထဲပစ်ချထားခဲ့တယ်လို့ပြောတယ်” ဟု ၎င်းက ပြောသည်။

ဘက်ပြောင်းခိုလှုံလာသူနှစ်ဦးမှာ ကိုဇင်မင်းသူနှင့် ကိုနေမျိုးထွန်းတို့ဖြစ်ပြီး စစ်မှုထမ်းအပတ်စဉ် ၈ အတွက် အဓမ္မ တပ်သားသစ်စုဆောင်းခံရသူများဖြစ်ကြောင်း အထက်ပါပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

အဆိုပါ ဘက်ပြောင်းလာသူနှစ်ဦး မည်ကဲ့သို့ အဓမ္မတပ်သားသစ်စုဆောင်းခံရသည်ဆိုသည်ကိုမူ အသေးစိတ်ဖြေဆိုခြင်း မရှိပေ။

၂၀၂၅ ခုနှစ်အတွင်း ကော့သောင်း ပကဖထံ ဘက်ပြောင်းခိုလှုံလာသူ လေးဦးရှိကြောင်း ပကဖထံမှ သိရသည်။

“အခု ခိုလှုံလာသူရောဆို လေးယောက်မြောက်ပါ။ အားလုံးကို ထိုင်းဘက်ကိုပို့လိုက်ပါပြီဗျ” ဟု ပြန်ကြားရေးတာဝန်ခံက ပြောသည်။

မေလ ၂၉ ရက်ကလည်း စစ်မှုထမ်း အပတ်စဥ် ၆ သင်တန်းဆင်းနှစ်ဦး ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနစစ်ကြောင်း၊ ဒေါနတပ်ရင်းထံ လက်နက်နှင့်အတူ ဘက်ပြောင်းခိုလှုံလာခဲ့သည်။

ယခုနှစ် ဖေဖော်ဝါရီလကလည်း တနင်္သာရီအခြေစိုက် ခမရ ၅၅၈ စစ်ကောင်စီ တပ်ရင်းက တပ်ကြပ်တစ်ဦးအပါအဝင် စစ်မှုထမ်း သင်တန်းဆင်းခုနစ်ဦး လက်နက်များနှင့်အတူ ဘက်ပြောင်းခိုလှုံခဲ့သေးသည်။