BREAKING
June 5, 2025

တောင်ကိုရီးယားတွင် သမ္မတသစ်ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပ

June 3, 2025

တောင်ကိုရီးယားနိုင်ငံ၌ သမ္မတဟောင်းယွန်းဆွတ်ယိုးလ်အား ဆက်ခံမည့် သမ္မသစ်ရွေးချယ်ရေး ကြားဖြတ်ရွေးကောက်ပွဲကို ယနေ့ ဇွန်လ ၃ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်သည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် သမ္မတဟောင်း ယွန်းဆွတ်ယိုးလ်၏ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာမှုနှင့်အတူ နိုင်ငံရေးမတည်ငြိမ်မှုများ ပေါ်ပေါက်လာခဲ့ပြီးနောက် ၆ လအကြာတွင် ကြားဖြတ်ရွေးကောက်ပွဲ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

သမ္မတဟောင်း ယွန်းဆွတ်လ်ယိုး၏ စစ်အုပ်ချုပ်ရေးသွတ်သွင်းရန် ကြိုးပမ်းမှုသည် တောင်ကိုရီးယားဒီမိုကရေစီ၏ ပုံရိပ်ကို ထိခိုက်စေခဲ့သည်။

အဆိုပါ နောက်ဆက်တွဲဂယက်ကြောင့် အကွဲအပြဲ နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်နေသည့် တောင်ကိုရီးယားနိုင်ငံကို ပြန်လည်စုစည်းညီညွတ်စေရန် သမ္မတသစ်အနေဖြင့် ခက်ခက်ခဲခဲ ရုန်းကန်ရမည် ဖြစ်သည်။

ပို့ကုန်တင်ပို့ရေးအပေါ် ကြီးကြီးမားမား မှီခိုနေရသည့် တောင်ကိုရီးယားစီးပွားရေး ကောင်းမွန်စေရေးအတွက်လည်း သမ္မတအသစ်က လုံးပန်းရမည် ဖြစ်သည်။

နိုင်ငံ၏ အဓိကကုန်သွယ်ဘက်နိုင်ငံလည်းဖြစ် ၊ စစ်ရေးမဟာမိတ်လည်းဖြစ်သည့် အမေရိကန်၏ သွင်းကုန်အခွန်မူဝါဒများကြောင့် တောင်ကိုရီးယားစီးပွားရေးသည် စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရသည်။

ယနေ့ ကျင်းပနေသည့် ရွေးကောက်ပွဲတွင် မဲပေးသူဦးရေသည် ၂၀၂၂ တုန်းကထက် ပိုများကြောင်း တောင်ကိုရီးယား ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

မဲရုံများကို ယနေ့ ဒေသစံတော်ချိန် ည ၈ နာရီအထိ ဖွင့်လှစ်သွားမည် ဖြစ်သည်။

ယခုကြားဖြတ်ရွေးကောက်ပွဲတွင် သမ္မတဟောင်းယွန်းဆွတ်ယိုးလ်၏ စစ်အုပ်ချုပ်ရေးသွတ်သွင်းရန် ကြိုးပမ်းမှုက အခြားစီးပွားရေး ၊ လူမှုရေးအကြောင်းအရာများထက် ပိုလွှမ်းမိုးနေသည်။

ယနေ့ ရွေးကောက်ပွဲတွင် အဓိကပြိုင်ဘက်များဖြစ်ကြသည့် ဒီမိုကရက်တစ်ပါတီမှ အီဂျေးမြန်နှင့် ပြည်သူ့အာဏာပါတီမှ ကင်မွန်းဆူးတို့နှစ်ဦးစလုံးက တောင်ကိုရီးယားအတွက် အပြောင်းအလဲ လိုအပ်နေပြီဟု ပြောဆိုသည်။

တောင်ကိုရီးယား၏ လက်ရှိနိုင်ငံရေးနှင့် စီးပွားရေးစနစ်သည် မူလရည်ရွယ်ချက်နှင့် မကိုက်ညီတော့ဟု ၎င်းတို့က ဆိုသည်။

အီဂျေးမြန်က လူတန်းစားမျှတမှုကို ဦးစားပေးလိုပြီး ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနိမ့်မိသားစုများအတွက် အထောက်အပံ့ပေးလိုသည်။

ကင်မွန်းဆူးက ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများအတွက် စည်းမျဉ်းစည်းကမ်းများ လျှော့ချပေးလိုပြီး အလုပ်သမားများနှင့် ပဋိပက္ခဖြစ်ပေါ်မှုကို လျှော့ချလိုသည်။

ယနေ့ရွေးကောက်ပွဲသည် ကင်မွန်းဆူးနှင့် ၎င်း၏ ပြည်သူ့အာဏာပါတီကို တရားစီရင်သောနေ့ ဖြစ်သည်ဟု အီဂျေးမြန်က ဆိုသည်။

ပြည်သူ့အာဏာပါတီနှင့် ကင်မွန်းဆူးသည် သမ္မတဟောင်းယွန်း၏ စစ်အုပ်ချုပ်ရေးကြေညာမှုကို ခွင့်ပြုပေးခဲ့ကြောင်း ၊ သမ္မတဟောင်းယွန်းအား သမ္မတနေရာ၌ ဆက်ရှိနေရန်ပင် ကြိုးစားခဲ့ကြကြောင်း အီဂျေးမြန်က စွပ်စွဲထားသည်။

ကင်မွန်းဆူးသည် သမ္မတဟောင်းယွန်းဆွတ်ယိုးလ်၏ အစိုးရတွင် အလုပ်သမားရေးရာဝန်ကြီး တာဝန်ယူခဲ့သူ ဖြစ်သည်။

ရှေးရိုးစွဲကွန်ဆာဗေးတစ်ဝါဒီ ကင်မွန်းဆူးက အီဂျေးမြန်အား “အာဏာရှင်”ဟု ခေါ်ဆိုခဲ့ပြီး ၊ အီဂျေးမြန်၏ ဒီမိုကရက်တစ်ပါတီသည် “မွန်းစတားတစ်ကောင်”ဖြစ်သည်ဟု ခေါ်ဝေါ်ခဲ့သည်။

လူ့အခွင့်အရေးရှေ့နေဟောင်းတစ်ဦးဖြစ်သူ အီဂျေးမြန်သာ သမ္မတဖြစ်လာလျှင် ဥပဒေများကို ၎င်းတို့ မကြိုက်နှစ်သက်ရုံဖြင့် ပြောင်းလဲပစ်နိုင်သည်ဟု ကင်မွန်းဆူးက သတိပေးထားသည်။

ရွေးကောက်ပွဲမတိုင်မီ တစ်ပတ်က ပြုလုပ်ခဲ့သည့် စစ်တမ်းရလဒ်များအရ အီဂျေးမြန်သည် ကင်မွန်းဆူးထက် ရွေးကောက်ပွဲနိုင်ခြေ ပိုများနေသည်။

ရွေးကောက်ပွဲရလဒ်ကို တောင်ကိုရီးယား အမျိုးသားရွေးကောက်ပွဲကော်မရှင်က ဗုဒ္ဓဟူးနေ့တွင် အတည်ပြုထုတ်ပြန်ပေးသွားမည် ဖြစ်သည်။

ရွေးကောက်ပွဲရလဒ် ကြေညာပြီးနောက် နာရီအနည်းငယ်အကြာတွင် သမ္မတသစ်က ကျမ်းသစ္စာကျိန်ဆိုမည် ဖြစ်သည်။

သမ္မတဟောင်းယွန်းဆွတ်ယိုးလ်အား ရာထူးမှ ဖယ်ရှားထားသောကြောင့် သမ္မတနှစ်ဦးအကြား အာဏာလွှဲပြောင်းပေးမှု ရှိမည် မဟုတ်ချေ။

ပါလီမန်က သမ္မတဟောင်းယွန်းဆွတ်ယိုးလ်အား စွပ်စွဲအပြစ်တင်ခဲ့ပြီးနောက် ယခုနှစ် ဧပြီလ ၄ ရက်နေ့တွင် အခြေခံဥပဒေခုံရုံးက ၎င်းအား သမ္မတရာထူးမှ ဖယ်ရှားခဲ့သည်။

Source: Reuters