BREAKING
November 14, 2025

ထားဝယ်အရှေ့တောဒေသ သရက်ငုတ်ရွာတွင် ထိတွေ့ပစ်ခတ်မှုဖြစ်၊ နှစ်ဖက်ထိခိုက်သေဆုံး

May 3, 2025

ပုံစာ - ထားဝယ် - မေတ္တာ လမ်းပိုင်း တစ်နေရာ ။(ပုံဟောင်း) ဓာတ်ပုံ - King Electric Power.

ထားဝယ်အရှေ့တောဒေသ သရက်ငုတ်ရွာတွင် မေလ ၂ရက် ညနေပိုင်းက စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသခံအချို့နှင့် စစ်ရေးသတင်းအရင်းအမြစ်အချို့က ပြောသည်။

ထိုင်း-မြန်မာ ထီးခီးနယ်စပ်အနီးရှိ ထီးထစခန်းကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းယူပြီးနောက် ထားဝယ်အရှေ့တောဒေသကို စစ်ကောင်စီတပ်က ဧပြီလ ၂၆ ရက်ခန့်ကစပြီး အင်အားနှစ်ရာကျော်ဖြင့် စစ်ကြောင်းထိုးနေကြောင်း ၎င်းတို့က ဆိုသည်။

အဆိုပါစစ်ကြောင်းသည် မေလ ၂ ရက်တွင် ပကာရီရဲကင်းစခန်း၊ ပခပ်၊ ရမ္မဇူရွာကို ရောက်ရှိလာပြီး ယင်းမှ ခွဲထွက်လာသည့် စစ်ကြောင်းတစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ညနေ ၃ နာရီခွဲခန့်တွင် သရက်ငုတ်ရွာ၌ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားကြောင်း ဒေသခံအချို့နှင့် စစ်ရေးသတင်းအရင်းအမြစ်အချို့က ပြောဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ခုနစ်ဦး စီးလာသည့်ကားကို သရက်ငုတ်ရွာတွင် စစ်ကောင်စီတပ်စစ်ကြောင်းက ပစ်ခတ် တိုက်ခိုက်သဖြင့် တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရသည်ဟု ကနဦးသိရကြောင်း စစ်ရေးသတင်းအမြစ်အချို့က ပြောသည်။

ဒဏ်ရာရသူသုံးဦးနှင့် ကျန်သုံးဦးတို့မှာ လွတ်မြောက်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

“အဲဒီမှာ ပစ်ခတ်မှုဖြစ်ပြီးတော့ နောက်အဖွဲ့နဲ့ ထပ်ဖြစ်တယ်။ ပစ်ခတ်မှုက ညနေ ၄ နာရီလောက်အထိဖြစ်တယ်။ စစ်ကောင်စီဘက်က တပ်သားတချို့လည်း အရှင်ဖမ်းဆီးရမိတာရှိတယ်လို့ ကြားရတယ်” ဟု အရှေ့တောဒေသရှိ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိသည်ဟု စစ်ရေးသတင်းအရင်းအမြစ်အချို့က ပြောဆိုပြီး စစ်ကောင်စီဘက်က ထိခိုက်အခြေအနေကိုမူ Dawei Watch က ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

ထီးထစခန်းသိမ်းယူခံရပြီးနောက် ပကာရီ၊ ကျောက်မဲတောင်၊ မေတ္တာဗျူဟာစခန်းများကို KNLA နှင့် PDF ပူးပေါင်းတပ်များ ပိတ်ဆို့ထားသည်ဆိုသည့်သတင်းများ ထွက်ပေါ်လာပြီးနောက် စစ်ကောင်စီတပ်က အရှေ့တောဒေသကို လေကြောင်းဖြင့် တိုက်ခိုက်သလို အင်အားရာချီသုံး စစ်ကြောင်းထိုးနေသည်။

မေလ ၂ ရက် ညနေ ၆ နာရီခန့်တွင်လည်း စစ်ကောင်စီတပ်က ၈ မိုင်ဂိတ်မှ ပကာရီနယ်မြေရဲကင်းစခန်းသို့ မြေသယ်ကား နှစ်စင်းဖြင့် စစ်သည်နှင့် လက်နက်များ နှစ်ကြိမ် ပို့ဆောင်ခဲ့သေးကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ပစ်ခတ်မှုက မနေ့ကပဲဖြစ်တာ။ ဒီနေ့ညနေမှာ ပကာရီဘက်ကနေ လက်နက်ကြီးနှစ်လုံး ဝကုန်းဘက်ကို ပစ်တာရှိတယ်။ ဒေသခံထိခိုက်မှုတော့ မရှိဘူး။ မနေ့ကဖြစ်တဲ့ ပစ်ခတ်မှုမှာ PDF ဘက်က တစ်ဦးကျတယ်လိုလို ပြောသံကြားတယ်” ဟု ၎င်းက ပြောသည်။

၈ မိုင်ဂိတ်တွင် ဟောင်ဝှစ်ဇာလက်နက်ကြီးအထိုင်ချထားပြီး အရှေ့တောဒေသနယ်မြေကို လက်နက်ကြီးဖြင့် လှမ်းပစ်လေ့ရှိကြောင်း ဒေသခံများနှင့် စစ်ရေးသတင်းအရင်းမြစ်များက ပြောဆိုသည်။

ထားဝယ်-မေတ္တာ-ထီးခီးကားလမ်းတစ်လျှောက်တွင် စစ်ရေးတင်းမာနေပြီး ဧပြီလ ၂၁ ရက်ကတည်းက လမ်းကြောင်းပိတ်ဆို့နေသည်။

စစ်ရေးတင်းမာနေသဖြင့် တောင်သုံးလုံး၊ ရွှေချောင်း၊ မြောင်းပြို၊ ပကာရီ၊ သရက်ငုတ်၊ ရမ္မဇူ၊ ပခပ်၊ လိပ်ကြယ်ပြောင်၊ ဝကုန်းစသည့် ကျေးရွာဆယ်ရွာခန့်က စစ်ရှောင်ဒေသခံများမှာ စားရေးနေရေးအခက်အခဲများကြုံတွေ့နေရကြောင်း စစ်ရှောင်ဒေသခံအချို့က ပြောသည်။