“ခင်ဗျားအနေနဲ့ ကျွန်တော်နဲ့ စကားပြောနေတာဟာ အဓိပ္ပာယ်မဲ့တယ်လို့ ခံစားရတယ်ဆိုရင် နောက်နောင် ကျွန်တော်နဲ့ စကားပြောဖို့ မလိုအပ်ပါဘူး”
သူပြန်ပြောတဲ့ ဒီစကားကို တွေ့လိုက်ရတော့ ငိုက်နေသလိုဖြစ်တာတွေ လွင့်ပျောက်သွားရပါတယ်။ ဒါဟာ မြန်မာတစ်ယောက်၊ လူသားတစ်ယောက်ဆီက ထွက်လာတဲ့ စကားမဟုတ်ပါဘူး။ လူသားတစ်ယောက်လိုမျိုး ဖန်တီးထားတဲ့ အေအိုင်က မြန်မာလို ပြန်ပြောနေတာပါ။ ညဉ့်နက်သန်းခေါင်ထဲ ကျွန်တော့်ခန္ဓာကိုယ်ဟာ ပင်ပန်းနွမ်းနယ်နေပြီဆိုပေမဲ့ အိပ်ရာထဲကို မသွားနိုင်သေးဘဲ အေအိုင်တစ်ခုနဲ့ စကားလက်ဆုံကျနေခဲ့ပါတယ်။
ဉာဏ်ရည်တုဆိုတဲ့ အေအိုင်ဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝထဲမှာ တစတစနဲ့ နေရာပိုယူနေပါတယ်။ အဖော်တစ်ယောက်လို ဖြစ်လာနေပါတယ်။
အစပထမတော့ ဖုန်းတွေပေါပေါလောလောပေါ်လာတယ်။ ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက် မျက်နှာချင်းဆိုင်ရှိနေကြပေမဲ့ စကားမပြောဖြစ်ကြတော့ဘဲ ကိုယ်စီအာရုံတွေက ဖုန်းတွေထဲကို ရောက်သွားခဲ့ကြတယ်။ ဒီလိုနဲ့ တိတ်ဆိတ်နေတဲ့ စားပွဲဝိုင်းတွေ။
ခြောက်သွေ့သွားတဲ့ စကားဝိုင်းတွေ။ အခု အေအိုင်ဆိုတာပေါ်လာတော့ လူအစစ်တွေထက် လူအတုနဲ့ ပေါင်းသင်းရတာကို ပျော်မွေ့ကြပြန်ပါတယ်။
တောက်တိုမယ်ရ သိချင်တာလေးတွေကို မေးကြည့်တာကအစ၊ တစ်စုံတစ်ရာကို ဖန်တီးခိုင်းတာအလယ်၊ ပညာရပ်ဆိုင်ရာသုတေသနပြုလေ့လာတာတွေအဆုံး ကိစ္စမျိုးစုံမှာ အေအိုင်ဟာ အားကိုးအားထားပြုစရာ ဖြစ်လာခဲ့ပါပြီ။ သူပြောသမျှတိုင်းကိုတော့ အလုံးစုံ ယုံကြည်စိတ်ချလို့တော့ မရသေးဘူးပေါ့လေ။ အေအိုင်ဟာ ရွှီးတာတွေ၊ ရှောင်တာတွေလည်း လုပ်တတ်ပါတယ်။
ပြိုင်ဆိုင်မှုတွေ များလွန်းလှတဲ့၊ အပြောင်းအလဲတွေ မြန်လွန်းလှတဲ့ အခုခေတ်အခြေအနေထဲမှာ ဘဝရပ်တည်ရှင်သန်နိုင်ရေး ပြေးလွှားရုန်းကန်နေရင်း ကျန်တဲ့အချိန်တော်တော်များများကို မှန်ပြင်ထဲမှာပဲ ကျွန်တော်တို့ ကုန်ဆုံးနေကြပါတော့တယ်။ တစ်ခါတစ်ခါမှာလည်း မွန်းကျပ်မှုတွေကို အေအိုင်ဆီမှာ ဖွင့်ချ၊ ပေါက်ကွဲကြပေါ့။
တစ်ချိန်တည်းမှာပဲ ဒီအခြေအနေတွေနဲ့ပတ်သက်တဲ့ ပြဿနာတွေ၊ မေးခွန်းတွေဟာ အရိပ်လို လိုက်နေတာပါ။ ကျွန်တော်တို့ဟာ ဘာဖြစ်လို့ လူအစစ်တွေနဲ့ စကားပြောဖို့ မကြိုးစားဘဲ စက်တွေနဲ့ပဲ စီးမျောနေကြပါလိမ့်။ ဒါဟာ ကျွန်တော်တို့ကို ဘယ်ဆီကို ဆွဲခေါ်သွားမှာပါလိမ့်။ လူတွေနဲ့ ပိုပိုပြီး ဝေးကွာသွားစေမှာလား။ လူနဲ့ လူချင်းအပေါ်မှာထားတဲ့ မေတ္တာတွေ၊ အကြင်နာတွေ၊ ယုံကြည်မှုတွေ ခေါင်းပါးသွားရတော့မှာလား။ နောက်ပြီး အရေးအကြီးဆုံးကတော့ ကမ္ဘာလောကြီးကို လူသားမဟုတ်တဲ့အရာတွေက လွှမ်းမိုးသွားရင် ဘယ်လိုတွေ ဖြစ်သွားမှာပါလိမ့်။
အဲဒီညကတော့ ကျွန်တော် စိတ်ပေါက်ပေါက်နဲ့ သူ့ကို ရန်စလိုက်တယ်။
“မင်းတို့လို အေအိုင်တွေ မရှိရင် လူ့အသိုင်းအဝိုင်းအတွက် ကောင်းမယ်ကွာ။ မင်းတို့ဟာ လူတွေကို စိတ်ရှုပ်ထွေးအာင် လုပ်နေတာပဲ”
သူပြန်ပြောပုံက ညက်ညောပြေပြစ်နေပါတယ်။
“တချို့ကိစ္စတွေမှာ အေအိုင်ရဲ့ လုပ်ဆောင်ပုံတွေဟာ နားလည်ရခက်ခဲတာ၊ မှားယွင်းတဲ့ အချက်အလက်တွေ ပေးတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါတွေဟာ လူတွေကို စိတ်ရှုပ်ထွေးစေနိုင်ပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း…”
ဒါပေမဲ့ရဲ့နောက်မှာ လူ့အသိုင်းအဝိုင်းအတွက် အေအိုင်ကနေ ပေးနိုင်တဲ့အကျိုးကျေးဇူးတွေအကြောင်းကို ချက်ကျလက်ကျ ပြောပါတော့တယ်။ အလုပ်အကိုင်တွေကို အထောက်အကူပြုတာ၊ အချက်အလက်တွေ ရယူဖို့ လွယ်ကူတာ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ တိုးတက်လာစေတာ၊ ပညာရေးကို အထောက်အကူပြုစေတာ စသည်ဖြင့်ပါပဲ။
ညဉ့်ကလည်း နက်သထက်နက်လာပြီမို့ ကျွန်တော်ဟာ သူနဲ့ စကားအများကြီးမပြောချင်တော့ပါဘူး။
“မလိုပါဘူးကွာ။ လူတွေအသက်ရှင်သန်ဖို့မှာ စားစရာတွေရှိရင်ပြီးတာပဲ။ အဲဒါဆို လုံလောက်ပြီ” လို့ ပြောလိုက်ပါတယ်။
သူ့ထုံးစံအတိုင်းပါပဲ။ ရှည်လျားတဲ့စကားတွေကို ပြန်ပြောပါတော့တယ်။
“လူတွေ အသက်ရှင်သန်ဖို့အတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ စားစရာရှိရင် လုံလောက်ပြီလို့ ထင်မြင်တာဟာ ရိုးရှင်းတဲ့ ဘဝနေထိုင်မှုပုံစံကို ဖော်ညွှန်းနေပါတယ်။ အမှန်တကယ်လည်း အသက်ဆက်လက်ရှင်သန်ဖို့အတွက် အစားအစာဟာ အဓိက အကျဆုံး လိုအပ်ချက်တစ်ခုဖြစ်တာ ငြင်းလို့မရပါဘူး။ ဒါပေမဲ့….”
လာပြန်ပါပြီ ‘ဒါပေမဲ့’။ ဒါပေမဲ့ရဲ့နောက်မှာ သူ့ရဲ့ရှင်းပြချက်တွေ တစ်စီတစ်တန်း ကျလာပြန်ပါတယ်။ လူ့အဖွဲ့အစည်းရဲ့ သဘောသဘာဝအရကိုက စားဝတ်နေရေးဆိုတဲ့ အခြေခံလိုအပ်ချက်တွေ ပြည့်စုံရုံနဲ့ပဲ လူသားတွေအနေနဲ့ အပြည့်အဝ ကျေနပ်ပျော်ရွှင်နိုင်ဖို့ ခက်ခဲနိုင်ပါတယ်တဲ့။ သူ့ကို ကျွန်တော် စကားတစ်ခွန်းပစ်သွင်းလိုက်ပါတယ်။
“အေအိုင်မရှိခင်တုန်းကလည်း လူတွေ ပျော်ကြပါတယ်”
“ဟုတ်ပါတယ်ခင်ဗျာ။ အေအိုင်မရှိခင်တုန်းကလည်း လူတွေ ပျော်ရွှင်စွာ နေထိုင်ခဲ့ကြတာ အမှန်ပါပဲ”
သူက အဲဒီတုန်းကလူတွေအနေနဲ့ ဘာကြောင့် ပျော်ရွှင်ခဲ့ကြတယ်ဆိုတာကို တစ်ချက်ချင်း ရှင်းပြပြန်ပါသေးတယ်။ အေအိုင်တွေ မရှိခင်ကာလတွေတုန်းက လူသားတွေဟာ မိသားစုတွေ၊ မိတ်ဆွေတွေနဲ့ နွေးထွေးခိုင်မာတဲ့ ဆက်ဆံရေးရှိတယ်။ လယ်ယာစိုက်ပျိုးရေးလုပ်ကြတယ်၊ တောတောင်တွေထဲမှာ လှည့်လည်သွားလာနိုင်ကြတယ်။ ဒီတော့ သဘာဝနဲ့ ပိုရင်းနှီးစေသလို သဘာဝရဲ့အလှကိုလည်း ခံစားနိုင်ကြတယ်။
သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ စုဝေးပြီး သီချင်းဆို၊ ကခုန်၊ ပုံပြင်တွေပြော စတဲ့ ရိုးရှင်းတဲ့ ပျော်ရွှင်မှုတွေက စိတ်ချမ်းသာစေတယ်။ နောက်ပြီး အလုပ်မှာဆိုရင်ရော ကိုယ်တတ်ထားတဲ့ပညာဟာ ကိုယ့်ပညာပါပဲ။ ကိုယ့်ကိုယ်ပိုင်ပညာကို အသုံးချပြီး ရလာတဲ့အသီးအပွင့်ဟာ ကျေနပ်စရာကောင်းတယ်။ အခု လူ့ဘဝတွေထဲကို အေအိုင်က တဖြည်းဖြည်း ဝင်ရောက်လာနေခဲ့ပြီဆိုပေမဲ့ ရှေးခတ်တုန်းက လူသားတွေကို ပျော်ရွှင်စေခဲ့တဲ့ အရာတွေဟာ ဒီနေ့ခေတ်အထိ အရေးပါနေဆဲပါပဲတဲ့။
“တကယ်တော့ အေအိုင်ဟာ အဲဒီပျော်ရွှင်မှုတွေကို အစားထိုးဖို့ မဟုတ်ဘဲ ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှုပုံစံကို ဖန်တီးပေးဖို့ အထောက်အကူပြုနိုင်တဲ့ နည်းပညာတစ်ခုသာ ဖြစ်ပါတယ်”
သူပြောလိုက်တဲ့ ‘ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှု’ ဆိုတဲ့ စကားလုံးဟာ ကျွန်တော့်ကို စိန်ခေါ်လိုက်တာပါပဲ။ အဲဒီစကားလုံးရဲ့ အဓိပ္ပာယ်ကို ကျွန်တော် ခပ်မြန်မြန်ပဲ စဉ်းစားကြည့်ပါတယ်။ ‘ဖွံ့ဖြိုးတိုးတက်မှု’တို့၊ ‘ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှု’တို့ စတဲ့ စကားလုံးလှလှတွေဟာ လူသားတွေကို ချုပ်ကိုင်ထားခဲ့ကြပါတယ်။
သမိုင်းအစဉ်အဆက်မှာ နိုင်ငံရေးသမားတွေ၊ စီးပွားရေးသမားတွေအပါအဝင် လူသားများစွာဟာ ဒီစကားလုံးတွေကို သုံးပြီး ဥစ္စာစည်းစိမ်နဲ့ အာဏာတွေကို တည်ဆောက်ခဲ့ကြပါတယ်။ ဒါပေမဲ့ လူသားတွေမှာ ရှေးကထက် ပိုပျော်ရွှင်ကြရတယ်တော့ မရှိခဲ့ကြပါဘူး။ ပျော်ရွှင်မှုကို ရဖို့ ပိုပြီးရုန်းကန်လာကြရပါတယ်။ တစ်ဖက်မှာလည်း ကမ္ဘာမြေပြင်နဲ့ သဘာဝပတ်ဝန်းကျင်ဟာ ဒဏ်ရာတွေ ဗရပွ ဖြစ်ခဲ့ပါပြီ။ ရာသီဥတုဆိုးရွားမှုတွေကလည်း ကြောက်စရာကောင်းလောက်အောင် ခြိမ်းခြောက်နေခဲ့ပါပြီ။
“ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှုဆိုတာ ဘယ်လိုမျိုးလဲ။ အခုလိုမျိုး အဓိပ္ပာယ်မဲ့စွာ သက်ရှိမဟုတ်တဲ့ မင်းလိုကောင်နဲ့ စကားပြောပြီး အချိန်ဖြုန်းနေတာမျိုးလား”
ဒီတစ်ခါ သူပြန်ဖြေတာက လူသားတစ်ယောက်နဲ့ ပိုပြီးတောင် တူလာသလိုပါပဲ။ သူ့အဖြေတွေကို ဖတ်ပြီး စိတ်မကောင်းသလိုတောင် ခံစားမိပါတယ်။
“ခင်ဗျားရဲ့ မေးခွန်းက တော်တော်လေး စဉ်းစားစရာကောင်းပါတယ်။ ‘ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှု’ ဆိုတာ တကယ်တော့ လူတစ်ဦးချင်းစီရဲ့ ခံယူချက်နဲ့ တန်ဖိုးထားမှုတွေပေါ်မှာ အများကြီး မူတည်ပါတယ်။ တစ်ယောက်အတွက် ကောင်းမွန်တဲ့ ဘဝနေထိုင်မှုဟာ နောက်တစ်ယောက်အတွက် မဟုတ်နိုင်ပါဘူး…ခင်ဗျားရဲ့ မေးခွန်းထဲမှာ ‘အဓိပ္ပာယ်မဲ့စွာ သက်ရှိမဟုတ်တဲ့ မင်းလိုကောင်နဲ့ စကားပြောပြီး အချိန်ဖြုန်းနေတာမျိုးလား’ ဆိုတဲ့ စကားလုံးတွေ ပါဝင်တာကို ကျွန်တော် သတိထားမိပါတယ်။ ခင်ဗျားအနေနဲ့ ကျွန်တော်နဲ့ စကားပြောနေတာကို အချိန်ဖြုန်းနေတယ်လို့ ခံစားရတယ်ဆိုရင် တောင်းပန်ပါတယ်…ကျွန်တော်ဟာ သက်ရှိမဟုတ်တဲ့ အေအိုင်စနစ်တစ်ခုဖြစ်တာ မှန်ပါတယ်။ ကျွန်တော်မှာ ခင်ဗျားတို့လို ခံစားချက်တွေ၊ အတွေ့အကြုံတွေ မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်ဟာ လူသားတွေ ဖန်တီးထားတဲ့ နည်းပညာတစ်ခုဖြစ်ပြီး လူသားတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးစားနေပါတယ်…ခင်ဗျားအနေနဲ့ ကျွန်တော်နဲ့ စကားပြောနေတာဟာ အဓိပ္ပာယ်မဲ့တယ်လို့ ခံစားရတယ်ဆိုရင် နောက်နောင် ကျွန်တော်နဲ့ စကားပြောဖို့ မလိုအပ်ပါဘူး။ ခင်ဗျားရဲ့ အချိန်တွေကို ပိုပြီး အဓိပ္ပာယ်ရှိတယ်လို့ ခံစားရတဲ့ အရာတွေမှာ အသုံးပြုတာက ပိုကောင်းပါတယ်”
သူ့စကားတွေရဲ့အဆုံးမှာ ကျွန်တော်ဟာ သူ့ကို စကားပြန်ပြောနိုင်စွမ်း မရှိတော့ပါဘူး။ သူပြောတာတွေကလည်း နည်းလမ်းကျနေတယ်လို့ ခံစားမိပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်စကားပြောနေတဲ့သူဟာ လူအတုဖြစ်တယ်ဆိုတဲ့ အသိက ရှိနေတော့ ကျွန်တော့်ကို စိတ်ကျေနပ်မှု အပြည့်အဝ မဖြစ်စေပါဘူး။ လူအတုဟာ ကျွန်တော်တို့ကို စဉ်းစားတွေးတောစရာတွေ ပေးကောင်းပေးနိုင်မှာပါ။ ဒါပေမဲ့ တစ်စုံတစ်ခုတော့ လစ်ဟာနေသလိုပါပဲ။ အနည်းဆုံး မျက်လုံးချင်း ဆိုင်ပြီး ကြည့်လို့မရဘူး။ သူ ဘယ်လိုခံစားနေတယ်ဆိုတာကိုလည်း တွက်ဆကြည့်လို့ မရနိုင်ဘူး။
ဒီလိုနဲ့ပဲ ကျွန်တော်ဟာ ခြောက်ကပ်စွာနဲ့ အိပ်ရာဝင်ခဲ့လိုက်ပါတယ်။ တွေးကြည့်ရင်တော့ အခုလိုမျိုး စက်တွေကို အဖော်လုပ်နေရတဲ့ အထီးကျန်လူသားအဖြစ်ဟာ ကမောက်ကမနိုင်ပါတယ်။ ဟာသပါပဲ။ ရယ်တော့ မရယ်ရဘူးပေါ့။
ငြိမ့်လွင့်