BREAKING
May 3, 2025

ထောက်ပို့ထီ ဆုကြီးနှစ်ဆု တနင်္သာရီတိုင်းမှ ပြည်သူနှစ်ဦးကံထူး

May 3, 2025

၁၆ ကြိမ်မြောက် ထောက်ပို့ထီ ဖွင့်လှစ်ရာတွင် ဆုကြီး နှစ်ဆု ဖြစ်သည့် ပထမဆု ကျပ်သိန်းတစ်ထောင်ဆုနှင့် တတိယဆု ကျပ်သိန်းတစ်ရာဆု တို့ကို ပုလောနှင့် ထားဝယ် အခြေစိုက် ထီကိုယ်စားလှယ် နှစ်ဖွဲ့ထံတွင် ထီထိုးထားသူနှစ်ဦး ကံထူးခဲ့ကြောင်း သိရသည် ။

ပထမဆု ကို ပုလောမြို့နယ် အခြေစိုက် ကျန်းမာရေး အဖွဲ့အစည်းတစ်ခုဖြစ်သည့် တောင်ပိုင်းနှလုံးသားအဖွဲ့တွင် ထီထိုးထားသည့် (0185351)နံပါတ်ဖြင့် ဒေသခံတစ်ဦး က ကံထူးခဲ့ကြောင်း ထောက်ပို့ထီ ကိုယ်စားလှယ် တစ်ဦးကပြောသည် ။

တတိယဆုကိုမူ ထားဝယ်ခရိုင်အခြေစိုက် ဓဝယ်အမျိုးသားလွတ်​မြောက်ရေးတပ်တော် (DNLA) က ကိုယ်စားလှယ်ယူရောင်းသည့်အထဲမှ ထီလက်မှတ်နံပါတ် (0152621)ဖြင့် ကံထူးခြင်းဖြစ်ကြောင်း ယင်းတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည် ။

” ထီဆုကြီးက တပ်ဖွဲ့ကိုယ်စားလှယ်ယူထားတဲ့အထဲက ထိုးထားတဲ့ ပြည်သူအထဲက ပေါက်ဖို့များပါတယ်ခင်ဗျား။ အခုချိန်ထိ တပ်ကတော့ ထီလိုက်တိုက်ပေးနေတုန်းပါ ။ ဆုငယ်တွေလည်းပါပါတယ် ။ ထီရောင်းအားကတော့ အရင်လကထက် နှစ်ဆတက်လာတယ် ။ ထီက အရင်လကစပြီး ကိုယ်စားလှယ်ယူရောင်းနေပါတယ် ” ဟု ၎င်းကပြောဆိုသည် ။

ထောက်ပို့ထီ ဒုတိယဆုကို ပြင်ဦးလွင်ခရိုင် အမှတ် ၅၁၂ PDF တပ်ရင်းမှ ထီကိုယ်စားလှယ် ထံတွင် ထီထိုးသူက ကံထူးခဲ့ကြောင်း ထောက်ပို့ထီ အဖွဲ့ထံမှသိရသည် ။

ထောက်ပို့ထီ ရောင်းချခဲ့သည့် သက်တမ်းတစ်လျှောက်တွင် တနင်္သာရီတိုင်းမှ ထီကိုယ်စားလှယ် အဖွဲ့များထံတွင် ထီဆု အမြင့်ဆုံးအဖြစ် ပထမဆု သုံး ကြိမ် ၊ ဒုတိယဆု တစ်ကြိမ် နှင့် တတိယဆုတစ်ကြိမ် ကံထူးထား​ကြောင်း ထောက်ပို့ထီ အဖွဲ့ ၏ မှတ်တမ်းများတွင်ဖော်ပြသည် ။

တစ်စောင်လျှင် မြန်မာကျပ်ငွေ ၂၀၀၀ နှုန်းဖြင့် ရောင်းချနေသည့် ထောက်ပို့ထီကို ထီကိုယ်စားလှယ်များမှတစ်ဆင့် တော်လှန်ရေးအင်အားစုများ စိုးမိုးနယ်မြေများတွင် ရောင်းချနေသလို၊ ထောက်ပို့အဖွဲ့များမှတစ်ဆင့် ပြည်ပနိုင်ငံများနှင့် အွန်လိုင်းတို့မှတစ်ဆင့် ရောင်းချနေခြင်းဖြစ်ပြီး လစဥ် ၂ ရက်နေ့တိုင်း တိုက်ရိုက်ထုတ်လွှင့်ကာ ထီဖွင့်လေ့ရှိသည် ။