မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်aများထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။
ဧပြီ ၂၇ ရက်မှ မေ ၃ ရက်အထိ
သိမ်းထားတဲ့မြို့တွေကနေ ပြန်ဆုတ်ဖို့ စစ်ကောင်စီပြန်တောင်းဆိုမှု တအာင်းတပ်ငြင်း

သိမ်းယူထားတဲ့ မြို့တွေကနေ တအာင်းတပ် TNLA ပြန်ဆုတ်ပေးဖို့ စစ်ကောင်စီဘက်က တရုတ်နိုင်ငံ ကူမင်းမြို့မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ တောင်းဆိုခဲ့ပြီး တအာင်းတပ်ဘက်က ငြင်းပယ်တာကြောင့် ဆွေးနွေးပွဲ သဘောတူညီမှုမရဘဲ ပြီးဆုံးခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်စီစဉ်မှုနဲ့ စစ်ကောင်စီနဲ့ တအာင်းတပ်တို့ဟာ ဧပြီလ ၂၈ရက်နဲ့ ၂၉ ရက်တွေမှာ ဆွေးနွေးခဲ့ကြတာပါ။ ၁၀၂၇ စစ်ဆင်ရေးမှာ တအာင်းတပ် သိမ်းယူထိန်းချုပ်ထားတဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်မြို့တွေကနေ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်၊ မန်တုံမြို့နယ်အထိ ပြန်ဆုတ်ဖို့ စစ်ကောင်စီက တောင်းဆိုခဲ့တာပါ။
အဲဒီတောင်းဆိုချက်ကို တအာင်းတပ်ရဲ့ ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က ငြင်းပယ်တာ ကြောင့် ဆွေးနွေးပွဲ ရှေ့ဆက်မတိုးနိုင်ဘဲ ရပ်တန့်သွားပါတယ်။ နောက်တစ်ကြိမ်ဆွေးနွေးမှုကို လာမယ့် ဩဂုတ်လမှာ လုပ်ဖို့ရှိတယ်လို့ တအာင်းတပ်ဘက်က ထုတ်ပြန်ပါတယ်။
လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှု အားလုံးကို ရပ်တပ်ဖို့၊ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း ပြန်လည်ဖွင့်လှစ်နိုင်ဖို့၊ ကိုးကန့်တပ်လိုပဲ အပစ်ရပ်နိုင်ဖို့ လိုလားတဲ့အကြောင်း တအာင်းတပ်ဘက်က ဆိုပါ တယ်။ သိမ်းယူထားတဲ့မြို့တွေကို အပြည့်အဝကာကွယ်မှာဖြစ်ပြီး လက်ရှိမှာ တရုတ်နိုင်ငံရဲ့ ဖိအားဟာ အလွန်ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်တယ်လို့လည်း တအာင်းတပ်ဘက်က ထုတ်ဖော်ပြောဆိုထားပါတယ်။ တအာင်းတပ်နဲ့ မဟာမိတ်ဖြစ်တဲ့ ကိုးကန့်တပ်ကတော့ တရုတ်ဖိအားပေးမှုကြောင့် လားရှိုးကနေ ပြီးခဲ့တဲ့ ဧပြီလမှာ ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။
……………………………………..
တစ်ရက်အနည်းဆုံးလုပ်ခ ကျပ်နှစ်သောင်းပေးဖို့ မေဒေးနေ့မှာ တောင်းဆို

အချိန်ပိုမပါဘဲ တစ်ရက်ပုံမှန်အလုပ်ချိန် ၈နာရီအတွက် အနည်းဆုံး အခကြေးငွေ ကျပ်နှစ်သောင်းပေးဖို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ဖြစ်တဲ့ မေလ ၁ရက်မှာ မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က တောင်းဆိုလိုက်ပါတယ်။
လုပ်ငန်းခွင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု လုံလုံလောက်လောက်ပေးဖို့၊ ဘေးကင်းလုံခြုံတဲ့ အစီအမံတွေလုပ်ပေးဖို့၊ အဓမ္မခိုင်းစေတာ ချက်ချင်းရပ်ဖို့၊ အမျိုးသမီး လစဉ်သုံးပစ္စည်းတွေ အခမဲ့ထားပေးဖို့၊ အလုပ်သမတွေ ကိုယ်ဝန်ဆောင်ချိန်နဲ့ ဓမ္မတာလာချိန်တွေမှာ စံချိန်သတ်မှတ်ချက်တွေနဲ့ အလုပ်ခိုင်းစေတာတွေ မလုပ်ဖို့လည်း တောင်းဆိုထားပါတယ်။
အလုပ်သမားတွေကို ကိုယ်စားမပြုဘဲ အလုပ်ရှင် ဦးဆောင်ပြီး အလုပ်သမားသမဂ္ဂ ဖွဲ့စည်းတာတွေ မလုပ်ဖို့၊ လွတ်လပ်တဲ့ အလုပ်သမားသမဂ္ဂတွေကို စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနဆီမှာ အဓမ္မမှတ်ပုံတင်ခိုင်းတာ မလုပ်ဖို့လည်း တောင်းဆိုချက်မှာ ဖော်ပြပါတယ်။
စက်ရုံအလုပ်သမားတွေဟာ တစ်ရက် ၁၂ နာရီလောက် အလုပ်လုပ်နေရပေမယ့် ဖူလုံတဲ့ လုပ်အားခကိုမရတဲ့အပြင် ဖိနှိပ်ခေါင်းပုံဖြတ်တာ၊ အတင်းအဓမ္မအလုပ်ခိုင်းစေတာ၊ ကလေးလုပ်သားတွေ ခိုင်းစေတတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပေါ်တာ ဆွဲပြီး အဓမ္မစစ်မှုထမ်းစုဆောင်းတာကြောင့် လုပ်ငန်းခွင်ကို စွန့်ခွာပြီး ပြည်ပမှာ အန္တရာယ်ရှိတဲ့ အလုပ်တွေ သွားလုပ်နေရတယ်လို့လည်း ဖော်ပြပါတယ်။
……………………………………..
ငလျင် တစ်လပြည့်ချိန်အထိ ပြည်သူတွေ အပျက်အစီးတွေကြား ရုန်းကန်နေရဆဲ

မြန်မာနိုင်ငံမှာ အင်အားအလွန်ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်ခဲ့တာ တစ်လပြည့်လာတဲ့အချိန်အထိ ငလျင်ဘေးသင့်ပြည်သူတွေ အပျက်အစီးတွေကြားထဲမှာ ရုန်းကန်နေရဆဲဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
မတ်လ ၂၈ရက်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်တစ်လပြည့်လာချိန်အထိ အပျက်အစီးတွေကြား ရုပ်အလောင်းတွေ ဆက်လက် ရှာဖွေ တွေ့ရှိနေဆဲ ဖြစ်သလို နေအိမ်အဆောက်အအုံ အပျက်အစီးတွေကို ဖယ်ရှားရှင်းလင်းရာမှာလည်း လုပ်သားရှားတာ၊ ငွေကြေး အကုန်အကျများတာ စတဲ့ အခက်အခဲတွေလည်း များစွာရှိနေပါတယ်။
ငလျင်ဘေးသင့်ဒေသတွေမှာ လူဦးရေ ၆ ဒသမ ၃သန်းကျော်ဟာ အကူအညီတွေ ကာကွယ်စောင့်ရှောက်မှုတွေ အရေးတကြီး လိုအပ်နေတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။ ငလျင်ဘေးသင့်သူတွေဟာ သန့်ရှင်းတဲ့သောက်သုံးရေ၊ အစားအသောက်၊ ခိုလှုံရာနေရာ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ အလုံအလောက် မရသေးသလို စာသင်ကျောင်း ၂၆၀၀ ကျော် ပျက်စီးခဲ့တာ ကြောင့် ပညာရေးအတွက်လည်း ကြီးမားတဲ့ အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ ထုတ်ပြန်ထားပါတယ်။
ငလျင်ကြောင့် သေဆုံးသူလေးထောင်နီးပါး၊ ဒဏ်ရာရသူ ငါးထောင်ကျော်နဲ့ ပျောက်ဆုံးနေသူ တစ်ရာကျော်ရှိနေတယ်လို့ ကုလသမဂ္ဂစာရင်းတွေအရ သိရပါတယ်။ နေအိမ်တွေ၊ ဆေးရုံဆေးခန်းတွေအပါအဝင် အဆောက်အအုံ ရှစ်သောင်းကျော် ပျက်စီးတယ်လို့ စစ်ကောင်စီစာရင်းတွေ အရသိရပါတယ်။ နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှုဟာလည်း မေလ ၂ရက်အထိ အကြိမ်ရေ ၁၆၁ ကြိမ်အထိ ရှိလာပါတယ်။ နောက်ဆက်တွဲ ငလျင်တွေကြောင့် ငလျင်ဘေးသင့်သူတွေဟာ ပူပြင်းတဲ့ နေရောင်အောက်မှာ ယာယီအမိုးအကာ၊ ရွက်ဖျင်တဲတွေနဲ့ နေထိုင်နေကြရပါတယ်။
ငလျင်ဘေး ပြန်လည်ထူထောင်ရေးကို ကာလရှည်လုပ်ရမှာဖြစ်ပြီး စစ်ကောင်စီကတော့ ၁၀နှစ်အထိ ဆောင်ရွက်ရမယ်လို့ ပြောဆိုထားပါတယ်။ စစ်ကောင်စီဝန်ကြီးဌာနရုံးတွေ ပျက်စီးတာကြောင့် နိုင်ငံခြားရေးအပါအဝင် ဝန်ကြီးဌာနရုံးတချို့ ရန်ကုန်ကို ပြောင်းရွှေ့ဖို့ ပြင်နေပါတယ်။ ဒါ့အပြင် ငလျင်ကြောင့် ပြိုကျပျက်စီးတဲ့ အဆောက်အအုံတွေကို ပြင်ဆင်ခိုင်းဖို့ နေပြည်တော်ကို တည်ဆောက်ခဲ့တဲ့ ကုမ္ပဏီတွေကို စစ်ကောင်စီက ပြန်ခေါ်နေပါတယ်။ ငလျင်ကြောင့် သေဆုံးသူတွေကို ၁၀ သိန်းစီ ထောက်ပံ့မယ်လို့ စစ်ကောင်စီကကြေညာထားပေမယ့် မိသားစုဝင်တွေ လက်ခံရရှိတာတော့ မတွေ့ရသေးပါဘူး။
……………………………………..
ငလျင်ကာလ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၂၄၀ကျော်သေဆုံး

ငလျင်လှုပ်ခတ်ပြီးနောက် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၂၄၀ ကျော် သေဆုံးပြီး ၃၉၀ ကျော် ဒဏ်ရာရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဧပြီလ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။
လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၂၂၅ ကြိမ်ရှိပြီး စစ်ကိုင်းတိုင်းမှာ အကြိမ်ရေ ၅၀ကျော်နဲ့ အများဆုံးဖြစ်သလို မန္တလေး တိုင်းက အကြိမ်ရေ ၅၀ နီးပါးနဲ့ ဒုတိယအများဆုံး တိုက်ခိုက်ခံခဲ့ရတယ်လို့ဖော်ပြပါတယ်။ စစ်ကိုင်းတိုင်းမှာ လူ ၈၀ သေဆုံး ပြီး ၁၂၀ ကျော်ဒဏ်ရာရသလို မန္တလေးတိုင်းမှာဆိုရင် ၆၀ နီးပါးသေဆုံးပြီး တစ်ရာနီးပါး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်းကလွဲပြီး ကျန်တိုင်းနဲ့ ပြည်နယ်အားလုံးမှာ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။ စစ်ကောင်စီဟာ ငလျင်ဒဏ်ကြောင့် အပစ်ရပ်ကြေညာထားပေမယ့် လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်လုပ်ဆောင် နေပါတယ်။
……………………………………..
ပြည်တွင်းမှာ လုပ်သားရှားပါးနေတယ်လို့ စစ်ခေါင်းဆောင်ပြော

ပြည်ပမှာ သွားရောက် အလုပ်လုပ်ကိုင်မှုတွေကြောင့် ပြည်တွင်းမှာ အလုပ်သမားရှားပါးနေတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မေဒေးနေ့မှာ ပြောပါတယ်။
ပြည်ပထွက် အလုပ်လုပ်ကိုင်တာထက် ဘဝလုံခြုံမှုရှိတဲ့ ပြည်တွင်းလုပ်ကိုင်ဖို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။ တကယ်တော့ လက်ရှိမှာ မြန်မာလူငယ်လူရွယ်တွေဟာ ပြည်တွင်းမှာ စီးပွားရေးကျပ်တည်းပြီး အလုပ်အကိုင်ရှားပါးတာ၊ မလုံခြုံတာအပြင် အဓိက အကြောင်းအရင်းကတော့ စစ်ကောင်စီက အဓမ္မ စစ်မှုထမ်းစုဆောင်းနေတာတွေကြောင့် ပြည်ပသို့ တရားဝင်ရော၊ တရားမဝင်ရော အလုံးအရင်းနဲ့ ထွက်ခွာနေကြတာဖြစ်ပါတယ်။
စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး စစ်သားစုဆောင်းတာတွေ လုပ်ဆောင်လာချိန်မှာ သန်းနဲ့ချီတဲ့လူငယ်တွေ ပြည်ပကို ထွက်ခွာသွားတာ ဖြစ်ပါတယ်။ စစ်ကောင်စီကတော့ စစ်မှုထမ်းအကျုံးဝင်တဲ့ လူငယ်တွေ ပြည်ပထွက်ခွင့်ကို နည်းမျိုးစုံသုံး တားဆီး ပိတ်ပင်တာ၊ ပြည်ပထွက်ခွင့် အရေအတွက် လျှော့ချတာတွေ လုပ်ဆောင်နေပါတယ်။
စစ်ခေါင်းဆောင်ကတော့ တိုင်းနဲ့ ပြည်နယ်တချို့မှာ အလုပ်အကိုင်ပြပွဲတွေကျင်းပပြီး အလုပ်ခန့်နိုင်ဖို့၊ လစာအကျိုးခံစားခွင့် ကောင်းတဲ့ နိုင်ငံတွေကို အလုပ်သမား ဦးစားပေးစေလွှတ်ဖို့၊ ပြည်ပကနေ ပြန်ရောက်လာသူ အရေအတွက်နဲ့ ပြည်တွင်းကနေ စေလွှတ်မယ့် အရေအတွက် နှိုင်းယှဉ် တွက်ဆမယ်လို့လည်း ပြောပါတယ်။
……………………………………..
မြေလတ်အသံ သတင်းထောက်ကို စစ်ကောင်စီ ထောင်းငါးနှစ်ချ

မြေလတ်အသံသတင်းဌာနရဲ့ သတင်းထောက် ကိုသန်းထိုက်မြင့်ကို စစ်ကောင်စီက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) နဲ့ ဧပြီလ ၃ရက်မှာ ထောင်ဒဏ် ငါးနှစ်ချမှတ်ပြီး ဟင်္သာတထောင်ကို ပို့ဆောင်ခဲ့ပါတယ်။
သတင်းထောက် ကိုသန်းထိုက်မြင့်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၆ရက်က မြန်အောင်မြို့နယ်၊ အင်ပင်မြို့မှာရှိတဲ့ နေအိမ်ကို ခေတ္တပြန်လာစဉ် ဖမ်းဆီးခံခဲ့ရပြီး နှစ်လကျော်အကြာမှာ ပြစ်ဒဏ်ချခံရတာပါ။ သတင်းမီဒီယာသမားတစ်ဦးကို အခုလို ပြစ်ဒဏ်ချတဲ့အပေါ် လွတ်လပ်သောမြန်မာသတင်းစာဆရာများ အစည်းအရုံးက အပြင်းအထန် ကန့်ကွက်ရှုတ်ချထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက်မှာ သတင်းသမား ၇ဦး သတ်ဖြတ်ခံရပြီး နှစ်ရာကျော် ဖမ်းဆီးခံခဲ့ရပါတယ်။ လက်ရှိအချိန်အထိ သတင်းသမား ၄၇ဦး အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးခံထားရတယ်လို့ ဆိုပါတယ်။
……………………………………..