BREAKING
May 4, 2025

မြိတ်ပင်လယ်ပြင်တွင် ဆီဘောတစ်စီးမီးလောင်

May 3, 2025

ပုံစာ - မေလ ၃ ရက် မြိတ်ပင်လယ်ပြင်တွင် ဆီဘောမီးလောင်မှု ။ ဓာတ်ပုံ - ကရုဏာ။

မြိတ်မြို့နယ်၊ ပထက်တောင်ကျွန်းအနီး ပင်လယ်ပြင်တွင် ယနေ့ မေလ ၃ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်တွင် ဆီတင်သင်္ဘော(ဆီဘော) တစ်စီးမီးလောင်ခဲ့ကြောင်း သွားရောက်ကူညီခဲ့သည့် ပရဟိတအသင်းများနှင့် မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန ထံမှသိရသည် ။

ယင်းဆီဘောမှာ နေ့လယ် ၁၁ နာရီ ၄၅ မိနစ်တွင် မီးစလောင်ခဲ့ပြီး ၁၂ နာရီ ၅ မိနစ်တွင် ငြှိမ်းသတ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန က ထုတ်ပြန်ထားပြီး မီးလောင်ရသည့် အကြောင်းအရင်းကိုမူ ဖော်ပြထားခြင်းမရှိပေ ။

မီးလောင်မှု အတွင်း လူထိခိုက်ဒဏ်ရာရမှု မရှိကြောင်းသွားရောက်ကူညီခဲ့သည့် မြို့ခံ ပရဟိတ အသင်းများကဆိုသည် ။

” လူထိခိုက်ဒဏ်ရာတာမျိုးတော့မရှိဘူး ။ ကျွန်တော်တို့ရောက်တော့ မီးကတော်တော်လောင်နေပြီ ။ မီးသတ်တွေ ငြိမ်းနေတာ ဝိုင်းဝန်းကူညီပေးပြီး လူထိခိုက်မှုမရှိဘူးဆိုတော့ မီးစွယ်ကျိုးတာနဲ့ ပြန်လာလိုက်တယ်။ မီးသတ်တွေကတော့ ရှင်းလင်းရေးဆက်လုပ်နေတယ် ” ဟု သွားရောက်ကူညီခဲ့သည့် မြို့ခံပရဟိတ အသင်းဝင်တစ်ဦး ကပြောသည်။

ပြီးခဲ့သည်နှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလ တို့တွင်လည်း မြိတ်ပင်လယ်ပြင်တွင် ဆီတင်လှေတစ်စီး နှင့် ဆီဖြည့်နေသည့် ဝါလတ်လှေတစ်စီး မီးလောင်မှုဖြစ်ခဲ့ပြီး လှေလုပ်သားအချို့ မီးလောင်သေဆုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာန၏ မှတ်တမ်းအရ သိရသည် ။