ကျွန်းစုမြို့နယ်၊ ကျွဲခရံကျေးရွာအုပ်စု ယမုံရွာတွင် ခဲသတ္တုလုပ်ကွက်တိုးချဲ့ တူးဖော်ရန်အတွက် နေအိမ်များကို တစ်ဆောင်လျှင်ကျပ်ငါးသိန်းစီပေးကာ အဓမ္မပြောင်းရွှေ့ခိုင်းနေပြီး ဒေသခံများက ပြောင်းရွှေ့ပေးမည်မဟုတ်ဟုဆိုကြသည်။
ယမုံရွာ၏ ရွာအဖျားပိုင်းရှိ နေအိမ် ၃၀ ခန့်ကို ဧပြီလအကုန်တွင် ပြောင်းရွှေ့ရန်ပြောဆိုထားသော်လည်း လက်ခံဘဲ ငြင်းဆိုကန့်ကွက်သူများနေကြောင်း ဒေသခံအချို့က ဆိုသည်။
တရုတ်နိုင်ငံသားပိုင် ရွှေပင်လယ်ကုမ္ပဏီ၏ မန်နေဂျာဖြစ်သူက အဆိုပါဒေသရှိ နေအိမ်တစ်ဆောင်လျှင် ငွေ ကျပ်ငါးသိန်းစီပေးကာ ပြောင်းရွှေ့ခိုင်းထားကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ရွှေပင်လယ်ကုမ္ပဏီ၏ မန်နေဂျာဖြစ်သူ ဦးသန်းထိုက်က ပျူစောထီးများ၊ စစ်ကောင်စီတပ်သားများနှင့် ပူးပေါင်းကာ ရွာသားများအပေါ် အဓမ္မဖိအားပေးနေခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။
အဆိုပါ ရွှေပင်လယ်ကုမ္ပဏီမှာ တရုတ်နိုင်ငံသားပိုင်သည်ဟု ဒေသခံများ ပြောဆိုနေကြသော်လည်း Dawei Watch အနေဖြင့် အတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။
“အခုခေတ်က ငွေငါးသိန်းက ဘာမှလုပ်လို့မရဘူး။ သူတို့ပေးတဲ့ ငွေကလည်းနည်းသေးတယ်။ ခြိမ်းခြောက်တာလည်း လုပ်တယ်။ ရွာသားတွေက ဘာမှမသိနားမလည်ဆိုတော့ တရုတ်လက်ပါးစေ တွေလုပ်ချင်သလိုလုပ်နေကြတယ်”ဟု ကျွဲခရံကျေးရွာအုပ်စုနေ အထက်ပါဒေသခံက ပြောသည်။
ယမုံရွာအစွန်းပိုင်းရှိ နေအိမ်များကို ဧပြီလအကုန်တွင် အပြီးဖယ်ရှားပေးရန်ပြောထားပြီး ကန့်ကွက်သည့်အိမ်များကို ဘတ်ဟိုးဖြင့်ဖြိုချဖျက်ဆီးမည်ဟု ကုမ္ပဏီဘက်က ပြောဆိုထားကြောင်း ဒေသခံအချို့၏ ပြောဆိုချက်အရ သိရသည်။
သို့သော် မေလ ၂ ရက်နေ့အထိ နေအိမ်များကို တစ်စုံတစ်ရာပြုလုပ်ခြင်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။
ယင်းကုမ္ပဏီမှာ ယမုံရွာတွင် ခဲသတ္တုမိုင်းတူးဖော်လုပ်ကိုင်နေသည်မှာ ၃ နှစ်နီးပါးရှိနေပြီဖြစ်ပြီး လက်ရှိတွင် ခဲအထွက်နည်းလာကြောင်း ဒေသခံနောက်တစ်ဦးက ဆိုသည်။
“လက်ရှိလုပ်နေတဲ့ ခဲလုပ်ကွက်တွေက ခဲအထွက်နည်းလာတော့ ရွာသားတွေ အိမ်ဆောက်ထားတဲ့ နေရာတွေကို မြင်လာကြတယ်။အတင်းခြိမ်းခြောက်ဖယ်ခိုင်းနေတယ်”ဟု အဆိုပါဒေသခံက ပြောသည်။
အာဏာသိမ်းပြီးနောက်ပိုင်း ကျွန်းစုမြို့နယ် အပါအဝင် တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်အများစုတွင် ခဲသတ္တုလုပ်ကွက် အများအပြားပေါ်လာပြီး စစ်ကောင်စီတပ်၊ ပျူစောထီးအပါအဝင် လက်နက်ကိုင်တပ်များကို ငွေကြေးပေးပြီး တူးဖော်လုပ်ကိုင်နေကြသည်။