မြိတ်မြို့နယ်၊ ကြေးနန်းတိုင်တံတားရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် အမျိုးသမီးကြီးတစ်ဦးကို စားသုံးဆီတစ်ဘူး အတင်းအဓမ္မသောက်ခိုင်းပြီးနောက် သေဆုံးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။
ဧပြီလ ၂၆ ရက်နေ့က မြိတ်မြို့မှပြန်လာသည့် တညက်ကျေးရွာနေ အသက်၅၀ ဝန်းကျင်အရွယ် အမျိုးသမီးကြီးတစ်ဦးကို စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်သားများက စစ်ဆေးခဲ့ကြောင်း ယင်းသို့ စစ်ဆေးရာတွင် အမျိုးသမီးကြီးက ဆိုင်ကယ်ထိုင်ခုံ(တူးဘောက်)အတွင်း ဆီ ၄ ဘူး ထည့်ကာ သယ်လာသည်ဟု ဖြေဆိုခဲ့ကြောင်း ယင်းဖြစ်စဉ်ကိုသိသူ အမျိုးသမီးတစ်ဦးကဆိုသည်။
စစ်ကောင်စီတပ်သားများက တူးဘောက်ကို ဖွင့်ပြီးစစ်ဆေးရာ ဆီ ၅ ဘူးဖြစ်နေသည့်အတွက် ဆီတစ်ဘူးကို အဆိုပါအမျိုးသမီးကြီး၏ ပါးစပ်အတွင်းကို အတင်းလောင်းထည်ခဲ့ကြောင်း အဆိုပါအမျိုးသမီးက ဆိုသည်။
“ဘာတွေဝယ်လာလဲလို့ စစ်တယ်။ ဆီဝယ်လာတယ်ပြောတော့ ဘယ်နှစ်ဘူးပါတယ်ဆိုစစ်ပြီး ၅ ဘူးပါတာ မိန်းမကြီးကမေ့ပြီး လေးဘူး ပါလို့ပြောလိုက်တယ်။ ပိုနေတဲ့တစ်ဘူးကို သူ့ပါးစပ်ထဲလောင်းထည့်လိုက်တယ်”ဟု ၎င်းက ပြောသည် ။
အမျိုးသမီးကြီးသည် စားသုံးဆီကို အတင်းအဓမ္မလောင်းထည့်ခံရပြီးနောက် ယင်းဂိတ်တွင်ပင် တက်(ခန္ဓာကိုယ်တွန့်လိမ်ပြီး သမိမေ့သွား) သွားသည့်အတွက် အရေးပေါ်ကားခေါ်ကာ မြိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း အသက် ၂၃ နှစ်အရွယ်ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

“ပါးစပ်ထဲကို ဆီတစ်ဘူးလုံးလောင်းထည့်လိုက်တယ်။ မိန်းမကြီးက တက်ပြီး နာရေးကားနဲ့ သယ်သွားရတယ်။ ဆေးရုံရောက်တော့ အသက်မရှိတော့ဘူး”ဟု အဆိုပါ အမျိုးသားက ပြောသည်။
ဆရာဝန်တစ်ဦး၏အဆိုအရ စားသုံးဆီကို ပါးစပ်အတွင်းလောင်းထည့်လိုက်ချိန်တွင် အစာအိမ်ထဲရောက်သွားသည့်အတွက် သေဆုံးခြင်းမဟုတ်ဘဲ အသက်ရှူလမ်းကြောင်း ပိတ်သွားသည့်အတွက် သေဆုံးခြင်းဖြစ်နိုင်သည်ဟု ဆိုသည်။
အဆိုပါကြေးနန်းတိုင်တံတား စစ်ဆေးရေးဂိတ်တွင် စားသောက်ကုန်များကို တင်းတင်းကျပ်ကျပ် စစ်ဆေးလေ့ရှိပြီး အသားငါးနှင့် ဟင်းသီးဟင်းရွက်များကို နယ်ဒေသများတွင် လိုက်ရောင်းလေ့ရှိသည့် ဈေးကားနှင့် ဈေးဆိုင်ကယ်များကိုပင် ဖြတ်သန်းခွင့်မပေးတော့ကြောင်း ဒေသခံများထံမှ သိရသည်။