ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်သို့ စက်သုံးဆီလာပို့သည့် ဆီသယ်ယာဉ်ကို လက်နက်ကိုင်တစ်စုကတား၍ ဆီများယူဆောင်

April 3, 2026

ပုံစာ- ဆီဘောက်ဆာ တစ်စီးကို တွေ့မြင်ရစဥ် ( ပုံဟောင်း)

ရန်ကုန်မြို့မှ ထားဝယ်မြို့သို့ စက်သုံးဆီတင်ဆောင်လာသည့် ဆီဘောက်ဆာကားတစ်စီးကို လမ်းပိုင်းတွင် လက်နက်ကိုင်လူတစ်စုက တားဆီးပြီး စက်သုံးဆီများ ယူဆောင်သွားကြောင်း စုံစမ်းသိရသည်။

စက်သုံးဆီ တင်ဆောင်လာသည့် ဆီဘောက်ဆာကားမှာ ရန်ကုန်မြို့မှ ထားဝယ်မြို့သို့လာစဉ် မတ်လ ၃၁ ရက်နေ့ မွန်းလွဲပိုင်းက ရေဖြူမြို့နှင့် ထားဝယ်မြို့ကြားရှိ လမ်းပိုင်းတစ်နေရာတွင် လက်နက်ကိုင်လူတစ်စုက တားဆီးခဲ့ပြီး စက်သုံးဆီများ ထုတ်ယူခဲ့ကြောင်း ဆီလုပ်ငန်းရှင်နှင့် နီးစပ်သည့် မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

“ကားကိုတားပြီး လမ်းသွယ်ထဲ မောင်းခိုင်းတယ်၊ ဆီဖောက်ယူခဲ့ပြီး ညနေပိုင်းမှ ကားကို ပြန်လွှတ်လိုက်တယ်” ဟု အထက်ပါ မြို့ခံအမျိုးသားက ဆိုသည်။

အဆိုပါ ဆီဘောက်ဆာကားမှာ ထားဝယ်မြို့ပေါ်ရှိ စက်သုံးဆီဆိုင်သို့ ဆီလာပို့သည့်ကား ဖြစ်ကြောင်း သိရသည်။

ဆီဘောက်ဆာကားကို မည်သည့်လက်နက်ကိုင်အဖွဲ့က တားဆီးပြီး ဆီထုတ်ယူခဲ့သည် ဆိုသည်ကိုမူ မသိရသေးပေ။

“အသုံးလိုလို့ တောင်းခဲ့တာက တစ်မျိုးပေါ့၊ အခုက ကားတစ်စီးလုံး တားပြီး ဖောက်ယူခဲ့တာက လက်ခံနိုင်စရာ မရှိဘူး။ လူတွေ ဒီလောက် ဒုက္ခဖြစ်နေတာ၊ အစိုးရဆီကနေ (သိမ်းယူတာမျိုး) ဆိုရင် လက်ခံနိုင်စရာ ရှိသေးတယ်” ဟု အခြားမြို့ခံတစ်ဦးက ဝေဖန်သည်။

ယင်းဆီဘောက်ဆာကားမှာ ထားဝယ်မြို့ပေါ်ရှိ ဆီဆိုင်ကြီးတွင် သတ်မှတ်နှုန်းဖြင့် ရောင်းချနိုင်ရန် ရန်ကုန်မှဆီခွဲတမ်းကို လာပို့ဆောင်သော ယာဉ်ဖြစ်သည်။

အမေရိကန်နှင့် အစ္စရေးတို့က အီရန်နိုင်ငံအား ပြီးခဲ့သည့် ဖေဖော်ဝါရီ နောက်ဆုံးပတ်က တိုက်ခိုက်ခဲ့ပြီးနောက် ကမ္ဘာတစ်ဝန်း စက်သုံးဆီ အခက်အခဲ ဖြစ်ပေါ်နေခဲ့သည်မှာ တစ်လကျော် ကြာမြင့်လာပြီဖြစ်သည်။

မြန်မာနိုင်ငံတွင်လည်း မတ်လ တတိယပတ်မှစ၍ စက်သုံးဆီ အခက်အခဲများ ဖြစ်နေပြီး ပြည်သူများမှာ မှောင်ခိုစျေးကွက်မှ စက်သုံးဆီများကို စျေးကြီးပေးဝယ်နေရသည်။

ဆီဆိုင်ကြီးများတွင် ရောင်းချသည့် စက်သုံးဆီများမှာ စျေးသက်သာသော်လည်း အကန့်အသတ်ဖြင့်သာ ရောင်းချသဖြင့် ပြည်သူများမှာ ညဘက်ကတည်းက ဆီဆိုင်ရှေ့တွင် တန်းစီစောင့်ဆိုင်းကြရသည်။