တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာရှိ ဥယျာဉ်ခြံများအတွင်းသို့ စစ်အာဏာရှင်တပ်သားများ စစ်ကြောင်းထိုး ဝင်ရောက်လာသဖြင့် ဥယျာဉ်ခြံများအတွင်း ပုန်းနေသော စစ်ဘေးရှောင်များနှင့် ခြံလုပ်သားများ ထပ်မံထွက်ပြေးတိမ်းရှောင်ရကြောင်း သိရသည်။
ဧပြီ ၃ ရက်နေ့ နံနက်ပိုင်းတွင် ဇဝဲကျေးရွာအခြေစိုက် ခမရ (၅၅၆) တပ်ရင်းမှ စစ်အာဏာရှင်တပ်သားများသည် ဇဝဲရွာမှ ရမ်းဖိုရွာ ဥယျာဉ်ခြံများသို့ တောလမ်းအတိုင်း စစ်ကြောင်းထိုးလာသဖြင့် စစ်ရှောင်များ ထပ်မံထွက်ပြေးနေရခြင်းဖြစ်ကြောင်း စစ်ရှောင်တစ်ဦးက ဆိုသည်။
“မနက်ပိုင်းကတည်းက စစ်ကြောင်းထိုးနေလို့ စိုးရိမ်နေရတယ်။ ခြံထဲရှောင်နေတဲ့သူတွေ အကုန်ပြေးကုန်ပြီ။ စစ်ရှောင်ရင်း ထပ်ပြေးနေရတာပါ” ဟု အထက်ပါ စစ်ရှောင်က ပြောသည်။
စစ်အာဏာရှင်တပ်က အင်အား ၅၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးဝင်လာသဖြင့် ဥယျာဉ်ခြံထဲတွင် ကွမ်းသီးကောက်နေသည့် အလုပ်သမားများ၊ ကွမ်းသီးခြောက်ထုနေသည့် အလုပ်သမားများနှင့် ခြံပိုင်ရှင်များပါ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ခြံပိုင်ရှင်တစ်ဦးက ဆိုသည်။
ကွမ်းသီးခြောက်ထုခြင်းမှာ ကွမ်းသီးအစိမ်းကို နေလှန်းပြီးနောက် အခွံခြောက်ကို ကွမ်းသီးအလုံးလိုက်ရအောင် ဓားဖြင့်သော်လည်းကောင်း၊ ပုဆိန်ဖြင့်သော်လည်းကောင်း ခွာယူခြင်းဖြစ်သည်။
“စစ်ကြောင်းဝင်လာတော့ အကုန်ပစ်ပြီး ပြေးကြတာပဲ။ အခုက ကွမ်းသီးရာသီဖြစ်နေတော့ ခြံတွေထဲမှာ လူစုံနေတဲ့အချိန်။ အလုပ်သမားတွေရော အကုန်ပြေးရတယ်” ဟု အထက်ပါ ခြံရှင်က ပြောသည်။
စစ်အာဏာရှင်တပ်က ရမ်းဖိုရွာဝန်းကျင်သို့ စစ်ကြောင်းထိုးဝင်လာပါက ဒေသခံများကို ဖမ်းဆီး၍ လူသားဒိုင်းအဖြစ် မကြာခဏ အသုံးပြုလေ့ရှိကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။







