ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့နှင့် ကံပေါက်တိုက်နယ်တို့တွင် မတ်လကုန်မှစ၍ ဓာတ်ဆီတစ်လီတာလျှင် ကျပ်နှစ်သောင်းနှုန်းဖြင့် ဝယ်ယူနေရကြောင်း ဒေသခံများထံမှ သိရသည်။
စက်သုံးဆီဆိုင်များတွင် တစ်လီတာလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် ရောင်းချပေးသော်လည်း လိုသလောက် ဝယ်ယူ၍မရသည့်အပြင် ဆီပြတ်လပ်မှု ကြုံတွေ့နေရသဖြင့် ပြင်ပစျေးကွက်တွင်သာ ဝယ်ယူနေရကြောင်း ၎င်းတို့က ဆိုသည်။
“ဆီက ဆိုင်မှာ ရှိသလောက်ပဲ ရောင်းပေးနေတာ။ တန်းစီလိုက်၊ ကုန်သွားလိုက်နဲ့ပဲ အချိန်ပြည့်မရဘူး။ တစ်ခါတန်းစီရင် ဆိုင်ကယ်တစ်စီး ငါးထောင်ကျပ်ဖိုး၊ ကားတစ်စီး နှစ်သောင်းငါးထောင်ကျပ်ဖိုးပဲ ပေးတယ်။ တစ်နေ့တစ်ခါပဲ တန်းစီရမယ်လို့ သတ်မှတ်ထားတာတော့ မရှိဘူး။ ဆီကုန်ရင်တော့ အရောင်းရပ်လိုက်တယ်။ ငါးထောင်ဖိုးက လီတာဝက်လောက်ပဲ ရတယ်” ဟု ကလိန်အောင်မြို့မှ ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောသည်။
စက်သုံးဆီဆိုင်များ မဟုတ်ဘဲ ဆီစုဆောင်း၍ ပြင်ပတွင် ရောင်းချသူများထံ၌ ဝယ်ယူပါက ဓာတ်ဆီတစ်လီတာ ကျပ်နှစ်သောင်းဖြင့် လိုသလောက် ဝယ်ယူရရှိနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။
ဒီဇယ်ဆီမှာမူ ပြတ်လပ်မှုမရှိသော်လည်း တစ်လီတာဈေးမှာ ကျပ်တစ်သောင်းဝန်းကျင်တွင် ရှိနေကြောင်း၊ နွေရာသီ အပင်ရေပေးရန် ဒီဇယ်သုံး၍ နေ့စဉ် ရေတင်စက် မောင်းနှင်နေရသည့် ကလိန်အောင်ဒေသခံ ဒူရင်းခြံရှင်တစ်ဦးက ဆိုသည်။
ကံပေါက်ဒေသတွင်လည်း စက်သုံးဆီဆိုင်များ၌ ဓာတ်ဆီပြတ်လပ်နေပြီး ပြင်ပဈေးကွက်တွင် တစ်လီတာ ကျပ်နှစ်သောင်းဖြင့် ဝယ်ယူရကြောင်း ဒေသခံများထံမှ သိရသည်။
“ဆိုင်တွေမှာ ဆီပြတ်နေတာ နှစ်ရက်ရှိပြီ။ ပြန်ရမယ်တော့ ပြောတယ်။ ဆိုင်တွေမှာ ရောင်းတဲ့ဈေးက တစ်လီတာ ကျပ်တစ်သောင်းပဲ။ အပြင်မှာက တစ်ဂါလန် ရှစ်သောင်းနဲ့ လိုသလောက် ဝယ်လို့ရတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ဖေဖော်ဝါရီလနှောင်းပိုင်းတွင် ကံပေါက်၌ ဓာတ်ဆီတစ်လီတာဈေးမှာ ၂,၈၀၀ ကျပ်၊ ၂,၉၀၀ ကျပ် ဝန်းကျင်သာ ရှိခဲ့ရာမှ တစ်ကမ္ဘာလုံးဆိုင်ရာ စက်သုံးဆီ အခက်အခဲများနှင့် ကြုံတွေ့ရပြီးနောက် မတ်လတွင် တဖြည်းဖြည်း ဈေးတက်လာကာ တစ်လီတာ ကျပ်တစ်သောင်းဝန်းကျင်အထိ ရှိခဲ့သည်။ ယင်းနောက် ယခုဧပြီလတွင် တစ်လီတာလျှင် ကျပ်နှစ်သောင်းအထိ ဖြစ်လာခြင်း ဖြစ်သည်။
စစ်အာဏာရှင်တပ်က လမ်းပိုင်းဖြတ်တောက်ထားသည့် ကံပေါက်ဒေသဝန်းကျင်ရှိ ကျေးရွာများတွင်မူ ဓာတ်ဆီတစ်လီတာလျှင် ကျပ်နှစ်သောင်းကျော်အထိ ဈေးနှုန်းရှိနေကြောင်း ကျေးလက်ဒေသခံများထံမှ သိရသည်။
ကလိန်အောင်မြို့သည် ထားဝယ်မြို့မှ မိုင် ၅၀ ခန့် ကွာဝေးကာ ရေး-ထားဝယ် ကားလမ်းပေါ်တွင် တည်ရှိပြီး ကံပေါက်တိုက်နယ်မှာ ယင်းကားလမ်းဘေးမှ ၉ မိုင်ခန့် ဝင်ရသည့် ဒေသတစ်ခု ဖြစ်သည်။ ကံပေါက်ဒေသတွင် ထားဝယ်ခရိုင်အတွင်းသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေသည့် ပင်မဓာတ်အားပေးစက်ရုံ တည်ရှိသည်။







