ထားဝယ်မြစ်ကူးတံတားဖြစ်သည့် ကမြောကင်းတံတားစစ်ဆေးရေးဂိတ်တွင် စစ်အာဏာရှင်တပ်၏ စစ်မှုထမ်း စုဆောင်းရေးအဖွဲ့က ယနေ့ လူငယ်ခြောက်ဦးထက်မနည်းကို ဖမ်းဆီးပြီး အဓမ္မ စစ်မှုထမ်းစုဆောင်းကြောင်း ခရီးသွားဒေသခံများက ပြောသည်။
ကမြောကင်းတံတားသည် ထားဝယ်မြို့နှင့် လောင်းလုံးမြို့နယ်ကို ဆက်သွယ်ထားသည့် တံတားဖြစ်သည်။
စစ်မှုထမ်းစုဆောင်းရေးအဖွဲ့သည် ကမြောကင်းတံကားဂိတ်တွင် ခရီးသွားလူငယ်များကို ယနေ့ ဧပြီလ ၃ရက် နံနက် ၆ နာရီခွဲမှစတင်၍ ဖမ်းဆီးခဲ့ကြောင်း မြို့ခံခရီးသွားတစ်ဦးက ဆိုသည်။
“ခြောက်ယောက်လောက်ရှိတယ်၊ ထိုင်ခိုင်းထားတာတွေ့ရတယ်။ ဘေးမှာက ကားထိုးထားတယ်“ ဟု ၎င်းက ပြောဆိုသည်။
အဆိုပါစစ်မှုထမ်းစုဆောင်းရေးအဖွဲ့မှာ ဖမ်းဆီးထားသည့် လူငယ်များကိုခေါ်ယူပြီး နေ့လယ်ပိုင်းတွင် ထားဝယ်မြို့ဘက်သို့ ထွက်ခွာသွားကြောင်း မြိုခံခရီးသွားအချို့က ပြောသည်။
ဧပြီလ ၂ ရက် ညကလည်း ထားဝယ်မြို့ပေါ်ရပ်ကွက်နှစ်ခုရှိ လူနေအိမ်များကိုလည်း စစ်အာဏာရှင်တပ်က ဝင်ရောက်ရှာဖွေခဲ့သေးကြောင်း မြို့ခံများ၏ ပြောကြားချက်အရ သိရှိရသည်။
စစ်အာဏာရှင်တပ်သည် လစဉ် ပထမပတ်နှင့် နောက်ဆုံးပတ်တို့တွင် စစ်မှုထမ်းစုဆောင်းလေ့ရှိသည်။
ပြီးခဲ့သည့်မတ်လ ပထမပတ်အတွင်း သရက်ချောင်းနှင့် ထားဝယ်မြို့ အဝင်အထွက်ဂိတ်တို့၌ လူငယ် ရှစ်ဦးထက်မနည်းကို လည်း စစ်မှုထမ်းအဖြစ် ဖမ်းဆီးစုဆောင်းခဲ့သေးသည်။
ထားဝယ်ခရိုင်တွင် ပြီးခဲ့သည့် ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်လတို့အတွင်း စစ်မှုထမ်းအဖြစ် အဓမ္မစုဆောင်းခံရသူများမှာ ၇၀ ဦးနီးပါး ရှိကြောင်း Dawei Watch ၏ သတင်းမှတ်တမ်းများအရ သိရသည်။







