ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အာဏာသိမ်းစစ်ခေါင်းဆောင် သမ္မတရာထူး ရယူ

April 3, 2026

စစ်အုပ်စု စိတ်ကြိုက်ပြင်ဆင်ကျင်းပသည့် ရွေးကောက်ပွဲကတစ်ဆင့် ပေါ်ပေါက်လာသည့် ပြည်ထောင်စုလွှတ်တော်၌ ယနေ့ ဧပြီလ ၃ ရက်တွင် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သမ္မတအဖြစ် မဲပေးရွေးချယ်လိုက် သည်။

စစ်ခေါင်းဆောင်ကို ပြည်သူ့လွှတ်တော် အစုအဖွဲ့ က ဒုသမ္မတအဖြစ် မတ်လ ၃၁ ရက်က ရွေးချယ်ခဲ့သည်။

အမျိုးသားလွှတ်တော်အစုအဖွဲ့ ကမူ စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီ၏ ကရင်ပြည်နယ် ဥက္ကဋ္ဌ ဒေါ်နန်းနီနီအေးကို ရွေးချယ်ခဲ့ပြီး စစ်အာဏာရှင်တပ်ကိုယ်စားလှယ် အစုအဖွဲ့က စစ်ကော်မရှင်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ညိုစော ကို တင်မြှောက်ခဲ့သည်။

ယနေ့ ပြည်ထောင်စုလွှတ်တော်တွင် သမ္မတကို မဲခွဲရွေးချယ်ဆုံးဖြတ်ကြရာ ဆန္ဒမဲ ၅၈၄ မဲအနက် စစ်ခေါင်းဆောင်က ၄၂၉ မဲ၊ ဗိုလ်ချုပ်ကြီးဟောင်း ညိုစောက ၁၂၆ မဲ နှင့် ဒေါ်နန်းနီနီအေးက ၂၉ မဲ ရရှိခဲ့သည်။

ယင်းကြောင့် စစ်အုပ်စု လွှမ်းမိုးထိန်းချုပ်ထားသည့် ပြည်ထောင်စုလွှတ်တော်တွင် မဲအများဆုံးရရှိခဲ့သည့် စစ်ခေါင်းဆောင် က သမ္မတဖြစ်လာပြီး ဒုတိယမဲအများဆုံးရသည့် ဗိုလ်ချုပ်ကြီးဟောင်း ညိုစောက ဒုသမ္မတ ၁ ၊ တတိယမဲအများဆုံးရသည့် ဒေါ်နန်းနီနီအေးက ဒုသမ္မတ ၂ ဖြစ်လာသည်။

စစ်ခေါင်းဆောင်သည် ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲ၏ ရလဒ်ကို မဲသမာမှုအကြောင်းပြ စွပ်စွဲကာ သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရအကြီးအကဲများကို ဖမ်းဆီးပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်တွင် အာဏာသိမ်းခဲ့သည်။

ယင်းနောက် စစ်ခေါင်းဆောင်သည် ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ ၅ နှစ်တာအတွင်း စစ်ကောင်စီ ဥက္ကဋ္ဌ၊ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်၊ စစ်ကော်မရှင်ဥက္ကဋ္ဌ ၊ ယာယီသမ္မတနှင့် ကာ/လုံ ဥက္ကဋ္ဌ စသည့် နေရာများကို ၎င်းကိုယ်တိုင် ဖန်တီးရယူခဲ့သည်။

ဒုသမ္မတလောင်းအဖြစ် စာရင်းမတင်သွင်းမီ နာရီပိုင်းအလိုမှသာ စစ်အာဏာရှင်တပ်၏ တပ်ချုပ်ရာထူးကို ၎င်း၏လူယုံ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို လွှဲပေးခဲ့သည်။ သို့သော်လည်း ဗိုလ်ချုပ်မှူးကြီး ရာထူးကိုမူ ၎င်းက စွန့်လွှတ်ခြင်း မရှိသေးပေ။

စစ်ခေါင်းဆောင် သမ္မတရာထူးရယူချိန် လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် အာဆီယံနိုင်ငံတစ်ခုဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တရားစွဲဆိုရန် ပြင်ဆင်နေသည်။

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုက လွတ်မြောက်လာခဲ့သူနှင့် အင်ဒိုနီးရှားနိုင်ငံ ရှေ့နေချုပ်ဟောင်း အပါအဝင် ထင်ရှားကျော်ကြားသူ ဆယ်ဦးတို့က စစ်ခေါင်းဆောင် ဦးဆောင်ခဲ့သည့် စစ်အာဏာရှင်တပ်ကို ဂျာကာတာမြို့ရှိ အစိုးရရှေ့နေရုံးတွင် ဧပြီလ ၆ ရက်၌ လူမျိုးတုံးသတ်ဖြတ်မှု ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားစာတစ်စောင်တင်သွင်းရန် ပြင်ဆင်ခြင်းဖြစ်သည်။

၂၀၂၅ ခုနှစ်ကလည်း စစ်ခေါင်းဆောင်ကို ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုနှင့်ပတ်သက်၍ အာဂျင်တီးနားနိုင်ငံတရားရုံးက ဖမ်းဝရမ်းထုတ်ထားခဲ့သည်။