ထိုင်းနိုင်ငံတွင် နှစ်စဉ် ကြုံတွေ့နေရသော လေထုညစ်ညမ်းမှုကြောင့် အဆုတ်ကင်ဆာရောဂါဖြစ်ပွားမှု ပိုများလာနေကြောင်း The Nation Thailand သတင်းဌာနတွင် ဖော်ပြသည်။
ထိုင်းနိုင်ငံ ဘန်ကောက်၊ ချင်းမိုင်အပါအဝင် ခရိုင်အများစုတွင် လေထုအရည်အသွေး PM 2.5 နှုန်းသည် သာမန်အဆင့်ထက် ကျော်လွန်နေပြီး ကျန်းမာရေး ထိခိုက်နိုင်သောအဆင့်ကို နှစ်စဉ် ကြုံတွေ့နေရကြောင်း ဖော်ပြသည်။
PM 2.5 ဆိုသည်မှာ လေထုထဲတွင် ၂ ဒသမ ၅ မိုင်ခရိုမီတာထက် သေးငယ်သော ဖုန်မှုန့်ပါဝင်မှုနှုန်းကို ဆိုလိုခြင်းဖြစ်ပြီး ယင်းဖုန်မှုန့်များက ထိုင်းပြည်သူ သန်းချီကို နှစ်စဉ် ကျန်းမာရေးထိခိုက်စေကြောင်း သတင်းတွင်ပါရှိသည်။
ထိုင်းနိုင်ငံ ကင်ဆာအဖွဲ့အစည်း၏ အချက်အလက်များအရ အဆုတ်ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းသည် တစ်နေ့လျှင် ပျမ်းမျှ ၄၈ ဦးအထိ ရှိနေကြောင်း၊ လေထုညစ်ညမ်းမှုကြောင့် ရောဂါရလာသော လူနာ ၄၀ ဦးခန့်ကလည်း နေ့စဉ် အသက်ဆုံးရှုံးနေကြောင်း ဖော်ပြသည်။
လက်ရှိတွင် လေထုညစ်ညမ်းမှုသည် ကင်ဆာရောဂါဖြစ်စေသော အကြောင်းအရင်းတစ်ခုဖြစ်နေကြောင်း ဖော်ပြသည်။
လေထုညစ်ညမ်းမှုကြောင့် ဖြစ်လာသော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ ပန်းနာရင်ကျပ်ရောဂါ၊ မျက်စိနာ၊ အရေပြားရောဂါ၊ အင်ပြင်ထခြင်းများကို ပြည်သူများ နှစ်စဉ် ခံစားနေကြရသည်။
လေထုထဲပါဝင်သော ဖုန်မှုန့်များသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများသာမက မျက်စိနှင့် အရေပြားရောဂါများကိုပါ ဖြစ်စေနိုင်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် လေထုညစ်ညမ်းမှုကို နှစ်စဉ် ကြုံတွေ့ခံစားနေကြရပြီး လေထုညစ်ညမ်းမှုဒဏ်ကြောင့် ထိုင်းပြည်သူ ၁၀ သန်းကျော်အထိ ကျန်းမာရေးထိခိုက်နေကြောင်း သတင်းတွင်ဖော်ပြသည်။
လက်ရှိတွင် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်၊ ချင်းရိုင်၊ မယ်ဟောင်ဆောင်၊ နန်းစသော ခရိုင်များတွင် လေထုညစ်ညမ်းမှုဒဏ်ကို စတင်ခံစားနေကြရပြီး ပြည်သူ ၁ ဒသမ ၃ သန်းကျော် ကျန်းမာရေးထိခိုက်နေကြကြောင်း သတင်းတွင်ပါရှိသည်။
ချင်းမိုင်မြို့ရှိ လန်းနားဆေးရုံအပါအဝင် ဆေးရုံများတွင်လည်း လေထုညစ်ညမ်းမှုကြောင့် လူနာအရေအတွက် ပုံမှန်ထက် နှစ်ဆခန့် မြင့်တက်လာနေကြောင်း ဖော်ပြထားသည်။
Ref: The Nation Thailand, Bangkok Post







