ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဟော်မုဇ်ရေလက်ကြား ချက်ချင်းပြန်ဖွင့်ပေးရန် ဗြိတိန်ဦးဆောင်သည့် ၃၅ နိုင်ငံ တောင်းဆို

April 3, 2026

အီရန်က ပိတ်ဆို့ထားသည့် ဟော်မုဇ်ရေလက်ကြားကို ချွင်းချက်မရှိ ချက်ချင်းပြန်ဖွင့်ပေးရန် ဗြိတိန်ဦးဆောင်သည့် ၃၅ နိုင်ငံက ဧပြီလ ၂ ရက်နေ့က တောင်းဆိုလိုက်သည်။

ဟော်မုဇ်ရေလက်ကြားအကျပ်အတည်းနှင့် ပတ်သက်၍ ကမ္ဘာ့နိုင်ငံပေါင်း ၃၅ နိုင်ငံကို ဗြိတိန်က အိမ်ရှင်အဖြစ် ဖိတ်ခေါ်ကျင်းပသည့် အစည်းအဝေးမှတစ်ဆင့် ယင်းသို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

အီရန်က ပိတ်ဆို့ထားသည့် ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် နည်းလမ်းများကို ရှာဖွေရန် အမေရိကန် မပါဝင်သည့် နိုင်ငံပေါင်း ၃၅ နိုင်ငံကို ဗြိတိန်က ဖိတ်ခေါ်၍ အိမ်ရှင်အဖြစ် အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် လက်ရှိအချိန်အထိ ဟော်မုဇ်ရေလက်ကြားပိတ်ဆို့ခံထားရမှုနှင့် ပတ်သက်၍ ထူးခြားသည့် ဖြစ်ပေါ်တိုးတက်မှုတစ်စုံတစ်ရာ မရှိသေးပေ။

ဟော်မုဇ်ရေလက်ကြားအကျပ်အတည်းနှင့် ပတ်သက်၍ စုပေါင်းညှိနှိုင်း အရေးယူဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို အဆိုပါ အစည်းအဝေးသို့ တက်ရောက်လာသည့် နိုင်ငံခြားရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး အီဗတ်ကူးပါးက ပြောသည်။

ယင်းတို့တွင် ကုလသမဂ္ဂမှတစ်ဆင့် သံတမန်ရေးအရ ဖိအားပေးမှုများ တိုးမြှင့်ခြင်းနှင့် စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်ခြင်းတို့ ပါဝင်နိုင်ကြောင်း ၎င်းက ဆိုသည်။

“အီရန်ဟာ ဟော်မုဇ်ရေလက်ကြားကို အသုံးချပြီး ကမ္ဘာ့စီးပွားရေးကို ဓားစာခံလုပ်ဖို့ ကြိုးစားနေပါတယ်။ သူတို့ အောင်မြင်သွားလို့ မရဘူး” ဟု ၎င်းက ဆိုသည်။

“ဒီရေလက်ကြားကို ချွင်းချက်မရှိ မဆိုင်းမတွ ပြန်ဖွင့်ပေးဖို့နဲ့ လွတ်လပ်စွာ ပင်လယ်ရေကြောင်းသွားလာခွင့် အခြေခံမူတွေ ၊ ပင်လယ်ပြင်ဥပဒေတွေကို လေးစားလိုက်နာဖို့ မိတ်ဘက်နိုင်ငံတွေက ဒီနေ့ပဲ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောသည်။

တစ်ဘက်တွင် ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) ကလည်း ဟော်မုဇ်ရေလက်ကြားကို ကာကွယ်ရန် လိုအပ်ပါက အင်အားသုံးဖြေရှင်းခွင့်ပြုရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီထံ ကြာသပတေးနေ့က တောင်းဆိုထားသည်။

ယခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်တွင် အမေရိကန်-အစ္စရေးနှင့် အီရန်အကြား စစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက် ဟော်မုဇ်ရေလက်ကြားကို အီရန်က ပိတ်ဆို့ထားသည်။

ယင်းပိတ်ဆို့မှုကြောင့် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ဓာတ်မြေဩဇာအပါအဝင် ကမ္ဘာလုံးဆိုင်ရာ အရေးပါသည့် ကုန်စည် ထောက်ပံ့ရေးကွင်းဆက်များ ထိခိုက်လျက်ရှိပြီး စွမ်းအင်ဈေးနှုန်းမှာလည်း သိသိသာသာ မြင့်တက်လာခဲ့သည်။

Source: AFP