မြိတ်မြို့နယ်၊ တောင်ရှည်ကျေးရွာအုပ်စု တပ်တောင်ရွာတွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ စစ်မှုထမ်းကြေး ကောက်ယူပြီး ကားဖြင့်ပြန်လာစဉ် တော်လှန်ရေးအဖွဲ့တစ်ခုက မိုင်းဆွဲတိုက်ခိုက်ကြောင်း ဒေသခံများထံမှ သိရသည်။
မတ်လ ၁ရက်က တောင်ရှည်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် တပ်တောင်ရွာတွင် စစ်မှုထမ်းကြေးကောက်ပြီး ရွာကို ကားဖြင့်ပြန်လာခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
“တပ်တောင်ရွာမှာ စစ်မှုထမ်းကြေးကောက်ပြီးအပြန် ရွာအနီးမှာ မိုင်းခွဲခံရတယ်။ အုပ်ကြီးအပါအဝင် နောက်လိုက်နှစ်ဦး ကားထဲပါတယ်” ဟု ၎င်းကပြောသည်။
မိုင်းဆွဲခံရမှုကြောင့် အသက် ၆၀ အရွယ် ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် သုံးဦးစလုံး ဒဏ်ရာရပြီး ကားလည်း ပျက်စီးသွားကြောင်း ဒေသခံ အခြားတစ်ဦးက ပြောဆိုသည်။
“မိုင်းဆွဲခံရတယ်။ ကျန်တာတော့ မသိလိုက်ရဘူး။ သိသူတွေကလည်း ပြောမရဲကြဘူး။ ရှေ့တစ်ရက်နှစ်ရက်က တပ်တောင်ဘုန်းကြီးကျောင်းကို စစ်သားတွေ ဝင်လာပြီး တပ်စွဲထားတယ်” ဟု ၎င်းက ဆိုသည်။
တောင်ရှည်ကျေးရွာအုပ်စုတွင် တပ်တောင်ရွာအပါအဝင် ကျေးရွာ ငါးရွာရှိပြီး အိမ်ထောင်စုတစ်စုကို စစ်မှုထမ်းကြေး ၂၅၀၀၀ ကျပ် ပေးရကြောင်း အထက်ပါဒေသခံက ပြောသည်။
တပ်တောင်ရွာနှင့် တောင်ရှည်ရွာကြားတွင် တောင်ယာထဲရွာနှင့် ပျင်းတောင်ရွာ နှစ်ရွာရှိကြောင်း ဒေသခံများထံမှ သိရသည်။







