ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နေကြာပန်းနိုင်ငံနဲ့ ခရူးဆိတ်စစ်မီးလျှံ

March 3, 2025

နေကြာပန်းတွေကို မြတ်နိုးယုယတဲ့ အရှေ့ဥရောပနိုင်ငံတစ်ခုရဲ့ ကောင်းကင်ထဲမှာ အိမ်နီးချင်းအင်အားကြီးနိုင်ငံဆီက မစ်ဆိုင်းဒုံးပျံတွေဟာ ၂၀၂၂ နှစ်ဆန်းပိုင်းမှာ ရိုင်းစိုင်းစွာ ထိုးဖောက်ပျံသန်းလာခဲ့တယ်။

လူသားယဉ်ကျေးမှုကို ပါးရိုက်လိုက်တဲ့ စစ်ပွဲ။

၂၀၂၀ ပြည့်နှစ်လွန် ကမ္ဘာကြီးကို လန့်ဖျပ်သွားစေခဲ့တယ်။

ရိုင်းစိုင်းသော ကျူးကျော်စစ်ပွဲတစ်ပွဲရဲ့ အစပါပဲ။

ယူကရိန်းနိုင်ငံကို လည်ပင်းညှစ်သတ်မယ့် ရုရှားရဲ့ ကျူးကျော်စစ်….။

အပြာရောင်မိုးသားကောင်းကင်အောက်မှာ အဝါရောင်နေကြာပန်းတွေ မျက်စိတဆုံး လဲ့လဲ့ထွန်းနေတဲ့ နိမိတ်ပုံဟာ ယူကရိန်းနိုင်ငံရဲ့ အမျိုးသားအလံတော်ကို ကိုယ်စားပြုပါတယ်။

ရုရှားရဲ့ ကျူးကျော်စစ် စတင်တဲ့နေ့မှာ ယူကရိန်းအမျိုးသမီးတစ်ယောက်ဟာ သူမ နေထိုင်ရာ ရုရှားနယ်စပ်က ယူကရိန်းမြို့လေးထဲ ဝင်လာတဲ့ သူမ တစ်ခါမှ မမြင်ဖူးတဲ့ စစ်သားတွေရဲ့ ရှေ့တည့်တည့်မှာ သွားရပ်တယ်။

“ရှင်တို့က ရုရှားတွေလား” လို့ မေးပြီးတာနဲ့ လက်နက်အပြည့်အစုံနဲ့ ရုရှားစစ်သားတွေကို ဒေါသတကြီး ရန်တွေ့တယ်။

နေကြာပန်းဟာ ယူကရိန်းနိုင်ငံရဲ့ အမျိုးသားပန်းပွင့်ပဲ။ သူမ လက်ထဲက နေကြာစေ့အထုပ်ကို ရုရှားစစ်သားတွေဆီ လှမ်းပေးပြီး စကားတစ်ခွန်း ပြောတယ်။

“ဒီနေကြာပန်းစေ့တွေကို ယူပြီး ရှင်တို့ အိတ်ကပ်ထဲ ထည့်သွား။ ရှင်တို့ ဒီမှာ သေရင် အနည်းဆုံးတော့ နေကြာပန်းပင်တွေ ပေါက်ရသေးတာပေါ့”

ကျူးကျော်စစ်ကို ခရူးဆိတ်ဇာတ်သွင်းခြင်း

ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ စတင်ခဲ့ပါတယ်။

အဲဒီနေ့ဟာ ရုရှားနိုင်ငံရဲ့ သမိုင်းမှာ ဘယ်တိုက်ပွဲကိုမှ မရှုံးနိမ့်ခဲ့ဖူးသူလို့ နာမည်ကျော်တဲ့ တိုက်တိုင်းအောင် စစ်သူရဲတစ်ယောက်ရဲ့ မွေးနေ့နဲ့ တိုက်ဆိုင်နေပါတယ်။

ဒီတိုက်ဆိုင်မှုအကြောင်းကို ပူတင်က ရုရှားအလံတွေ ဝှေ့ယမ်းရွှင်လန်းနေကြတဲ့ လူထုပရိသတ်ကို အာဝဇ္ဇန်းလျှမ်းလျှမ်းတောက် မိန့်ခွန်းခြွေခဲ့တယ်။

ယူကရိန်းအပေါ် ကျူးကျော်စစ်ပွဲရဲ့ လက်မည်းကြီးဟာ ဆိုခဲ့ပါ သမိုင်းဝင် စစ်သူရဲကျော် တစ်ခါက ပြောခဲ့ဖူးတဲ့စကားအတိုင်း သူ့နိုင်ငံသားတွေရှေ့မှာ အားရရွှင်လန်းစွာ ကြွေးကြော်ခဲ့တယ်။

“လက်ရှိကြုံနေရတဲ့ ခြိမ်းခြောက်မှုတွေဟာ ရုရှားနိုင်ငံတော်ကို ဂုဏ်ရောင်ထွန်းပြောင်စေလိမ့်မယ်”

ပူတင်ရဲ့ လုပ်ရပ်ကို နှစ်ထောင်းအားရဖြစ်နေကြတဲ့ ရုရှားအော်သိုဒေါက်ခရစ်ယာန် အမျိုးသားရေးဝါဒီတွေကတော့ ၂၀ ရာစုက စိန့်သူတော်စင်တစ်ပါး ဟောကိန်းထုတ်ခဲ့တဲ့ ဗျာဒိတ်ကို ပီတိဖြစ်စွာ ပြန်အောက်မေ့နေခဲ့ကြတယ်။

“အဖဘုရား ၊ သားတော်နဲ့ သန့်ရှင်းသောဝိညာဉ််တော်တို့ရဲ့ သန့်ရှင်းသောသုံးပါးတစ်ဆူတြိနက(Holy Trinity)အဖြစ် ဖန်ဆင်းရှင်ဘုရားသခင်ကို ခွဲခြားလို့ မရနိုင်သလို ရုရှား ၊ ယူကရိန်းနဲ့ ဘယ်လာရုစ်တို့ဟာ ခွဲခြားလို့ မရနိုင်တဲ့ Holy Rus’ (သန့်ရှင်းမြင့်မြတ်သော ရုရှားနိုင်ငံတော်) ပဲ” ဆိုတဲ့ ဟောကိန်းပဲ ဖြစ်ပါတယ်။

ယူကရိန်းနိုင်ငံကို စတင်တိုက်ခိုက်နေပြီဖြစ်ကြောင်း ရုရှားတစ်နိုင်ငံလုံးကို အသိပေးလိုက်တဲ့ သူ့ရဲ့ ပထမဆုံး ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပူတင်က ယူကရိန်းနိုင်ငံဟာ ရှေးပဝေသဏီကတည်းက အော်သိုဒေါက်ခရစ်ယာန်ဘာသာကို ကိုးကွယ်ပြီး ရှရှားပိုင်နယ်မြေဟောင်း ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

လက်ရှိအချိန်မှာ ယူကရိန်းနိုင်ငံရဲ့ အော်သိုဒေါက်ခရစ်ယာန်ဘာသာဟာ ကိယက်ကနေ အုပ်ချုပ်နေတဲ့ တရားနည်းလမ်းမကျတဲ့ အစိုးရလက်အောက်မှာ အနှိပ်စက်ခံနေရတယ်လို့ ပူတင်က ဆိုတယ်။

ဘာသာရေးလေသံကဲနေတဲ့ ပူတင်ရဲ့ မိန့်ခွန်းမှာ ယူကရိန်းနဲ့ ဘယ်လာရုစ်နိုင်ငံရဲ့ နယ်မြေအားလုံးပါဝင်တဲ့ Holy Rus’ ခေါ် ကြီးကျယ်ခမ်းနားတဲ့ ရုရှားနိုင်ငံတော် အယူအဆဟောင်းကို ပြန်ဆွဲထုတ်လာခဲ့ပါတယ်။

ရုရှားနိုင်ငံတော်ကို အင်အားကြီး ၊ သာလွန်ထူးခြားတဲ့ လူ့ဘုံခန်းဝါတစ်ရပ် ဖြစ်လာစေဖို့ ရုရှား၊ ဘယ်လာရုစ်၊ ယူကရိန်းသုံးနိုင်ငံပေါင်း တစ်ပြည်ထောင်ရဲ့ ဘာသာရေးအရ ပေါင်းစည်းမှုဟာ အရေးပါတယ်လို့ Holy Rus’ အယူအဆက ယုံကြည်ပါတယ်။

အော်သိုဒေါက်ကျောင်းတော်နဲ့ စစ်မီးလောင်စာ

ရုရှားအော်သိုဒေါက်ခရစ်ယာန်ကျောင်းတော်ဂိုဏ်းဟာ အချုပ်အခြာအာဏာပိုင် လွတ်လပ်တဲ့ ယူကရိန်းနိုင်ငံကို လွှမ်းမိုးထိန်းချုပ်ဖို့ ကြိုးစားရာမှာ ပူတင် အသုံးပြုနေတဲ့ ကိရိယာတစ်ခု ဖြစ်လာပါတယ်။

ဆိုဗီယက်အင်ပါယာခေတ်မှာ ကွန်မြူနစ်ဝါဒရဲ့ လည်ပင်းညှစ်သတ်မှုခံခဲ့ရတဲ့ ရုရှားအော်သိုဒေါက်ခရစ်ယာန်ကျောင်းတော်ဂိုဏ်းဟာ လက်ရှိဂိုဏ်းအုပ် ဘုန်းတော်ကြီးကစ်ရီးလ်လက်ထက်မှာတော့ ပူတင်ရဲ့ စစ်ရာဇဝတ်မှုတွေအတွက် ကြံရာပါ ဖြစ်လာခဲ့တယ်။

ယူကရိန်းအပေါ် ရုရှားရဲ့ ကျူးကျော်စစ်ကို “သန့်ရှင်းမြင့်မြတ်သော စစ်ပွဲ(Holy War)” အဖြစ် ကြေညာထားတဲ့ စာတမ်းတစ်စောင်ကို ရုရှားအော်သိုဒေါက်ခရစ်ယာန်ကျောင်းတော်ဂိုဏ်းက ၂၀၂၄ မတ်လမှာ ထုတ်ပြန်ခဲ့ပါတယ်။

“ရုရှားနိုင်ငံနဲ့ ရုရှားပြည်သူတွေအပေါ် အပြင်းအထန်ဆန့်ကျင်တဲ့ ၊ ရုရှားမလိုလားသူ အစိုးရတစ်ရပ် တည်ရှိနေတာကို လုံးဝဖယ်ရှားပစ်ရမယ်။ ရုရှားနိုင်ငံအပေါ် ရန်လိုနေတဲ့ ပြင်ပအင်အားဗဟိုတစ်ခုကနေ လွှမ်းမိုးထိန်းချုပ်ခံထားရတဲ့ အစိုးရတစ်ရပ်တည်ရှိနေတာကို ဖယ်ရှားပစ်ရမယ်။ မျက်မှောက်ခေတ်ယူကရိန်းနိုင်ငံရဲ့ နယ်မြေအားလုံးဟာ ရုရှားနိုင်ငံရဲ့ လွှမ်းမိုးမှုဇုန်ထဲကို ဝင်ရောက်သင့်တယ်”ဆိုတဲ့စာသားကို ဆိုခဲ့ပါ ကြေညာစာတမ်းမှာ ဖော်ပြထားခဲ့ပါတယ်။

“ဒီစစ်ပွဲမှာ ရုရှားနိုင်ငံနဲ့ ရုရှားပြည်သူတွေဟာ သန့်ရှင်းမြင့်မြတ်သော ရုရှားနိုင်ငံတော်ရဲ့ တစ်ခုတည်းသော ဘာသာရေးနယ်မြေကို ကာကွယ်နေကြတယ်”

ဒါဟာ ပူတင်ရဲ့ ကျူးကျော်စစ်ကို ဘာသာရေးစစ်ပွဲတစ်ခုလို ဖော်ညွှန်းထားတာ ဖြစ်ပါတယ်။

ယူကရိန်းမြေပေါ်မှာ ရုရှားဆင်နွှဲနေတဲ့ စစ်ဟာ “ဂလိုဘယ်ဝါဒရဲ့ ရမ်းကားတိုက်ခိုက်မှုတွေကနေ ကမ္ဘာကြီးကို ကယ်တင်ဖို့ ရည်ရွယ်တဲ့ စစ်ပွဲ ဖြစ်တယ်။ အကျင့်စာရိတ္တယိုယွင်းပုပ်သိုးနေတဲ့ ၊ စေတန်ရ်မာရ်နတ်ဝါဒရဲ့ လက်ခုပ်ထဲ ကျဆုံးနေတဲ့ အနောက်ကမ္ဘာရဲ့ အောင်ပွဲကနေ ကမ္ဘာကြီးကို ကာကွယ်ပေးဖို့ ရည်ရွယ်ထားတဲ့ စစ်ပွဲဖြစ်တယ်” ဆိုပြီး သိန္ဓိတင်ပေးထားပြန်တယ်။

ရုရှားနဲ့ အနောက်အုပ်စုကြားက စိတ်ဝိညာဉ်ဘာသာရေးတိုက်ပွဲရဲ့ အစိတ်အပိုင်းတစ်ခုအနေ ဖြစ်တယ်ဆိုပြီး ယူကရိန်းကျူးကျော်စစ်ကို ထောပနာပြု ချီးမြှောက်ထားပါတယ်။

ဒါဟာ အစ္စလာမ်မစ်အစွန်းရောက်ဝါဒီတွေ နှစ်နှစ်ခြိုက်ခြိုက် အသုံးပြုလေ့ရှိတဲ့ အယူအဆနဲ့ အံ့အားသင့်စရာ ဆင်တူနေတာ ဖြစ်ပါတယ်။

အစ္စလာမ်မစ် အစွန်းရောက်ဝါဒီတွေဟာ သူတို့ရဲ့ အစွန်းရောက်လုပ်ငန်းစဉ်တွေကို မှန်ကန်သင့်မြတ်ကြောင်း ဆင်ခြေထုတ်ဖို့အတွက် အမေရိကန်ပြည်ထောင်စုနဲ့ အခြားအနောက်နိုင်ငံတွေကို စေတန်မာရ်နတ်တိုင်းပြည်တွေအဖြစ် တောက်လျှောက်ပုံဖော်လာခဲ့တာပါ။

အစ္စလာမ်မစ်အစွန်းရောက်ဝါဒီတွေရဲ့ အယူအဆနဲ့ ထပ်တူကျတဲ့ နောက်ထပ်စကားတစ်ခွန်းကိုလည်း ရုရှားအော်သိုဒေါက်ခရစ်ယာန်ဂိုဏ်းအုပ် ဘုန်းတော်ကြီးကစ်ရီးလ်ကိုယ်တိုင်က ထုတ်ပြောခဲ့တာ ရှိပါတယ်။

အဲဒါကတော့ “ယူကရိန်းစစ်မြေပြင်မှာ ကျဆုံးခဲ့ရတဲ့ ရုရှားစစ်သားတွေဟာ အပြစ်တွေ အလိုအလျောက်ဆေးကြောခံရပြီး ဖြစ်တယ်” ဆိုတဲ့ စကားပါပဲ။

ဂိုဏ်းအုပ်ဘုန်းတော်ကြီးကစ်ရီးလ်ကို ပူတင်ရဲ့ အသုံးချခံ မဖြစ်စေဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကိုယ်တိုင်က သတိပေးခဲ့ရပါတယ်။

ယူကရိန်းနဲ့ ဘယ်လာရုစ်ဟာ ရုရှားပိုင်နယ်မြေတွေ ဖြစ်တယ်ဆိုပြီး ဂိုဏ်းအုပ်ဘုန်းတော်ကြီးကစ်ရီးလ်က ၂၀၂၂ နှစ်ဆန်းပိုင်းမှာ ပြောခဲ့ပါသေးတယ်။

ယူကရိန်းကျူးကျော်စစ်ကို ခရစ်ယာန်အယူဝါဒရဲ့ အနာဂတ်အတွက် တိုက်ပွဲဆင်တဲ့ စစ်ပွဲအဖြစ်နဲ့လည်း ဂုဏ်ပြုခဲ့ပါတယ်။

ရုရှားရဲ့ ကျူးကျော်စစ်ကို ခုခံတွန်းလှန်နေကြတဲ့ ယူကရိန်းနိုင်ငံသားတွေကို “မကောင်းဆိုးဝါးအင်အားစုတွေ” လို့လည်း ခေါ်ဝေါ်ခဲ့ပါတယ်။

ရုရှားက တိုက်ခိုက်နေတာ မဟုတ်ဘဲ ယူကရိန်းနိုင်ငံသားတွေကသာ ဒွန်းဘတ်စ်ဒေသက ရုရှားစကားပြောလူမျိုးတွေကို လူမျိုးတုန်းသတ်ဖြတ်နေတယ်လို့ ကရင်မလင်ရဲ့ လေသံအတိုင်း သံယောင်လိုက်စွပ်စွဲခဲ့ပါတယ်။

နယ်စည်းမခြား လူ့အခွင့်အရေးအဖွဲ့(Human Rights Without Frontiers- HRWF) ရဲ့ ဦးဆောင်သူတစ်ဦးဖြစ်သူ Willy Fautré က အခုလို မှတ်ချက်ပေးပါတယ်။

“ဂိုဏ်းအုပ်ဘုန်းတော်ကြီးကစ်ရီးလ်ဟာ ယူကရိန်းအပေါ် ဆင်နွှဲနေတဲ့ ပူတင်ရဲ့ စစ်ပွဲကို ရပ်တန့်အောင် လုပ်နိုင်တဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ် ဖြစ်ကောင်းဖြစ်နိုင်ခဲ့ပါတယ်။ သူဟာ ငြိမ်းချမ်းရေးဖန်တီးသူအနေနဲ့ သမိုင်းတွင်သွားနိုင်ခြေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ စစ်ရာဇဝတ်မှုတွေရဲ့ ကြံရာပါတစ်ယောက်ဖြစ်တဲ့အပြင် ရုရှားအော်သိုဒေါက်ခရစ်ယာန်ကျောင်းတော်ဂိုဏ်းကို သေတွင်းတူးပေးသူအဖြစ်နဲ့ပါ သမိုင်းတွင်ကျန်ရစ်တော့မယ်ဆိုတာ သူ့ရဲ့ ကြေညာစာတမ်းက ပြလိုက်တာပဲ”

ကျူးကျော်စစ်ရဲ့ ဘာသာရေးလက်နက်

တကယ်တော့ ယူကရိန်းအပေါ် ကျူးကျော်မှုကို ရုရှားဘက်ကနေ ခရူးဆိတ်စစ်ပွဲတစ်ခုလို ပုံဖော်ခိုင်းနှိုင်း ပြောဆိုတာမျိုးတွေ ယခင်ကတည်းက ရှိခဲ့ပါတယ်။

၂၀၁၄ ခုနှစ်မှာ ယူကရိန်းနိုင်ငံရဲ့ ခရိုင်းမီးယားကျွန်းဆွယ်ကို ရုရှားနိုင်ငံက ကျူးကျော်သိမ်းပိုက်လိုက်ပါတယ်။

ခရိုင်းမီးယားကို သိမ်းပိုက်ရရှိမှုက ရုရှားအတွက် ဘာသာရေးအရ အင်မတန်အရေးပါတယ်ဆိုပြီး ပူတင်က ထုတ်ပြောခဲ့ပါတယ်။

ဂျေရုဆလင်မြို့မှာရှိတဲ့ ဘာသာတရားသုံးခုရဲ့ အထွတ်အမြတ်ထားရာ Mount Temple ဘုရားကျောင်းနဲ့ ခရိုင်းမီးယားကို ခိုင်းနှိုင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းနဲ့ ရုရှားဟာ လူမျိုးတစ်မျိုးတည်း ဖြစ်တယ်လို့ ပူတင်က ပြောခဲ့ပါတယ်။ ယူကရိန်းဟာ ရုရှားရဲ့ သမိုင်း ၊ ယဉ်ကျေးမှုနဲ့ ဘာသာရေး မျက်နှာစာသုံးခုစလုံးကနေ ဖယ်ထုတ်ခွဲခြားလို့ မရနိုင်တဲ့ ရုရှားရဲ့ ထာဝရအစိတ်အပိုင်းတစ်ခုလို့ ပူတင်က တံဆိပ်ကပ်ပြောဆိုခဲ့ပါတယ်။

ယူကရိန်းကျူးကျော်စစ်ကို အနောက်ကမ္ဘာရဲ့ စေတန်မာရ်နတ်ဝါဒနဲ့ သူသေကိုယ်သေ ယှဉ်ပြိုင်တိုက်ခိုက်တဲ့ တိုက်ပွဲအဖြစ် ပုံဖော်ဇာတ်လမ်းဆင်ကြတဲ့အထဲမှာ ရုရှားအော်သိုဒေါက် ခရစ်ယာန်ကျောင်းတော်ဂိုဏ်းအပြင် ကရင်မလင်က အခြားထိပ်တန်းအရာရှိတွေလည်း ပါဝင်ပါတယ်။

ရုရှားဟာ ယူကရိန်းနိုင်ငံရဲ့ နယ်မြေတွေကို လိုချင်လို့ စစ်တိုက်နေတာ မဟုတ်ဘူးဆိုတဲ့အကြောင်း ရုရှားစစ်တပ်ရဲ့ တပ်မှူးတစ်ယောက်က ၂၀၂၃ ခုနှစ်တုန်းက အခုလို ပြောခဲ့ဖူးပါတယ်။

“ကျုပ်တို့ နိုင်ငံရဲ့ နယ်နိမိတ်နားကို ပိုပိုနီးကပ်လာနေတဲ့ စေတန်မာရ်နတ်ဝါဒနဲ့ ကျုပ်တို့ ရုရှားနိုင်ငံဟာ ကြားခံဇုန်တစ်ခု ဖြစ်လာခဲ့တယ်။ ပြောရရင် ဒီစေတန်မာရ်နတ်ဝါဒက ရုရှားနိုင်ငံကို ဝိုင်းပတ်ထားခဲ့တယ်။ ဒီစေတန်မာရ်နတ်ဝါဒက ကျုပ်တို့ ရုရှားနိုင်ငံကို ဝါးမြိုပြီး တစစီဖြစ်သွားအောင် ဖျက်ဆီးပစ်တော့မယ်။ ဒီယူကရိန်းစစ်ပွဲဟာ ကျုပ်တို့အတွက် စမှတ်ပဲ”

ဒါကတော့ ရုရှားဟာ ယူကရိန်းနိုင်ငံရဲ့ နယ်မြေတွေကို လိုချင်လို့ စစ်တိုက်နေတာ မဟုတ်တဲ့အကြောင်း ရုရှားတပ်မှူး Apti Alaudinov က အစိုးရရုပ်မြင်သံကြားအစီအစဉ်တစ်ခုမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“လူအများ သဘောမပေါက်ချင်ကြတဲ့အချက်က ကျုပ်တို့ အခု ယူကရိန်းမှာ ဆင်နွှဲနေတဲ့ စစ်ပွဲဟာ တကယ်တမ်းမှာ ရုရှားနိုင်ငံအတွက် သန့်ရှင်းမြင့်မြတ်သော စစ်ပွဲပဲ။ အခြား မဟုတ်ဘူး”

ရုရှားရဲ့ ကျူးကျော်စစ်ကို ဘာသာရေးအရ ‘သန့်ရှင်းမြင့်မြတ်သော စစ်ပွဲ’အဖြစ် ပုံဖော်တာဟာ ရုရှားပြည်သူတွေနဲ့ စစ်သားတွေအကြား ဒီစစ်ပွဲဟာ တရားမျှတမှန်ကန်တယ်လို့ မြင်ယောင်လာအောင် ဘာသာရေးကို ဝါဒဖြန့်လက်နက်အနေနဲ့ အသုံးချလာတာပဲ ဖြစ်ပါတယ်။

ရုရှားအော်သိုဒေါက်ကျောင်းတော်ဘက်က ပုံဖျက်ပြောဆိုမှုတွေကို ယူကရိန်းအော်သိုဒေါက် ကျောင်းတော်က ရှုတ်ချဆန့်ကျင်ပါတယ်။ ပူတင်ရဲ့ ကျူးကျော်စစ်ကို သန့်ရှင်းမြင့်မြတ်သော စစ်ပွဲအဖြစ်’ ပုံဖော်တာဟာ ခရစ်ယာန်ဘာသာတရားရဲ့ အခြေခံကျင့်ဝတ်နဲ့ ဆန့်ကျင်တယ်လို့ ယူကရိန်းအော်သိုဒေါက် ကျောင်းတော်ဘက်က ဆိုပါတယ်။ ယူကရိန်းဂရိကက်သလစ်ကျောင်းတော်ဂိုဏ်းအုပ် Sviatoslav Shevchuk ကတော့ အခုလို ပြောပါတယ်။

“ရုရှားနယ်ချဲ့သမားတွေအတွက် ဘာသာရေးကို လက်နက်လို အသုံးချတာက ထွင်လုံးအသစ်တစ်ခုပဲ။ဒါကြောင့်ပဲ ယူကရိန်းအစိုးရနဲ့ ယူကရိန်းဘာသာရေးအဖွဲ့အစည်းတွေဟာ ရုရှားရဲ့ ဘာသာရေးကို လက်နက်အဖြစ် အသုံးချမှုကနေ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်အောင် ကြိုးစားလာရတယ်”

Ref: The Independent, The Washington Post, Newsweek, Time Magazine, La croix International, The Economist, Church Times

ဈာန်ဟိန်း