ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

လောင်းလုံး ဒေသခံတစ်ဦး ထောက်ပို့ထီ ပထမဆု ကျပ်သိန်းတစ်ထောင် ကံထူး

February 3, 2026

၂၅ ကြိမ်မြောက်အဖြစ် ဖေဖော်ဝါရီလ ၂ရက်က ဖွင့်လှစ်သည့် ထောက်ပို့ထီတွင် လောင်းလုံးမြို့နယ်က ဒေသခံတစ်ဦး ပထမဆု ကျပ်သိန်းတစ်ထောင် ကံထူးကြောင်း လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ (L.L.S.B.F) ထံမှ သိရသည်။

လောင်းလုံးမြို့နယ်အခြေစိုက် လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ထံမှ ကိုယ်စားလှယ်ယူရောင်းထားသည့်အနက် ဒေသခံတစ်ဦးက 0009791 နံပါတ်ထီလက်မှတ်ဖြင့် ကံထူးခြင်းဖြစ်ကြောင်း အဆိုပါတပ်ဖွဲ့ထံမှ သိရသည်။

“ကံထူးတာက အရပ်သားပါဗျ။ ပထမဆု အပါဝင် ဆုပေါင်း ၉၀ကျော်လည်း ကံထူးပါတယ်။ ဆုကြီးက အခုတစ်ခါ ပထမဆုံးပေါက်တာပါ။ အသေးစိတ်ကိုတော့ ကျွန်တော် တို့pageကထုတ်ပြန်ပေးမှာပါ ” ဟု ယင်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထောက်ပို့ထီ ရောင်းချခဲ့သည့် သက်တမ်းတစ်လျှောက် တနင်္သာရီတိုင်းမှ ထီကိုယ်စားလှယ် အဖွဲ့များထံတွင် ထီဆု အမြင့်ဆုံးအဖြစ် ပထမဆု လေးကြိမ် ၊ ဒုတိယဆု တစ်ကြိမ် နှင့် တတိယဆုနှစ်ကြိမ် ကံထူးထား​ကြောင်း ထောက်ပို့ထီအဖွဲ့ ၏ မှတ်တမ်းများတွင်ဖော်ပြသည်။

တစ်စောင်လျှင် မြန်မာကျပ်ငွေ ၂၀၀၀ နှုန်းဖြင့် ရောင်းချနေသည့် ထောက်ပို့ထီကို ထီကိုယ်စားလှယ်များမှတစ်ဆင့် တော်လှန်ရေးအင်အားစုများ စိုးမိုးနယ်မြေများတွင် ရောင်းချနေသလို၊ ထောက်ပို့အဖွဲ့များမှတစ်ဆင့် ပြည်ပနိုင်ငံများနှင့် အွန်လိုင်းတို့မှတစ်ဆင့် ရောင်းချနေခြင်းဖြစ်သည်။

လစဥ် ၂ ရက်နေ့တိုင်း တိုက်ရိုက်ထုတ်လွှင့်ကာ ထီဖွင့်လေ့ရှိသည်။