ထားဝယ်အထူးစီးပွားရေးဇုန် ဧရိယာရှိ ပုဂေါဇွန်းကျေးရွာသို့ စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးလာသဖြင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ပုဂေါဇွန်းကျေးရွာသို့ စစ်အာဏာရှင်တပ်က ဖေဖော်ဝါရီ ၂ ရက် ညပိုင်းတွင် စစ်ကြောင်းထိုးလာခဲ့ပြီး ရွာတွင် တစ်ညအိပ်စခန်းချခဲ့ကြောင်း ဒေသခံတို့က ပြောသည်။
ယနေ့ ဖေဖော်ဝါရီ ၃ ရက်၊ နံနက် ၁၁ နာရီခန့်တွင်မူ ပုဂေါဇွန်းရွာ အရှေ့ဘက်ခြမ်းတွင် တော်လှန်ရေးတပ်များနှင့် ထိတွေ့မှုဖြစ်ပြီး နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ၎င်းတို့ကဆိုသည်။
တိုက်ပွဲအတွင်း အနည်းဆုံး ဒေသခံသုံးဦး ထိခိုက်ဒဏ်ရာရထားကြောင်းလည်း ဒေသခံအချို့က ပြောဆိုသည်။
“အခုထိလည်း (စစ်အာဏာရှင်တပ်က) လက်နက်ကြီးနဲ့ပစ်တာတွေ ရွာထဲလာကျနေသေးတယ်။ ကျွန်တော်တို့သိသလောက်ကတော့ ရွာထဲမှာ သုံးယောက်လောက် ဒဏ်ရာရထားတယ်။ လူကြီးပိုင်းတစ်ယောက်ကတော့ ထိတာများတယ်လို့တော့ ပြောတယ်” ဟု ဒေသခံတစ်ဦးက ယနေ့ မွန်းလွဲ ၁ နာရီဝန်းကျင်က ဆိုသည်။
ထိခိုက်ဒဏ်ရာ ရသူများမှာ ဒရုန်းဗုံး ကျရောက်ပေါက်ကွဲ၍ ဖြစ်သည်ဟု ပြောဆိုသူများရှိသလို လက်နက်ကြီးကျည်စ မှန်၍ဒဏ်ရာရသွားခြင်း ဖြစ်သည်ဟု ပြောဆိုသူများလည်း ရှိသည်။
အနီးနားရှိ ဒေသခံအများစုမှာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
တိုက်ပွဲဖြစ်ပွားမှုမှာ မိနစ်သုံးဆယ်ခန့် နှစ်ဖက်ပစ်ခတ်ပြီးနောက် ငြိမ်သွားသော်လည်း စစ်အာဏာရှင်တပ်ဘက်က လက်နက်ကြီးဖြင့် ဆက်လက်ပစ်ခတ်နေခြင်းကြောင့် လက်နက်ကြီးကျည်များ ပုဂေါဇွန်းရွာဘက် ကျရောက်မှုရှိနေကြောင်း ဒေသခံများကဆိုသည်။
တိုက်ပွဲမဖြစ်မီကမူ ပုဂေါဇွန်းရွာထဲရှိ စစ်အာဏာရှင်တပ်ကို တော်လှန်ရေးတပ်တို့က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့သေးကြောင်း ၎င်းတို့ကပြောဆိုသည်။
ထားဝယ်မြို့ဘက်မှ အရေးပေါ်လူနာတင်ကားများ ဖြတ်သန်းသွားသည်ကို တွေ့ရပြီး ပုဂေါဇွန်းကျေးရွာဘက်သို့ သွားသည်ဟု ယူဆရကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့ရသည့် ဒေသခံတစ်ဦးက ပြောဆိုသည်။







