ပုလောမြို့နယ် မြိတ်-ထားဝယ် ကားလမ်းဘေးရှိ ဆင်ထိုးကြီးရွာ အရှေ့ကမ်းတွင် အသက် ၆၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး နေအိမ်ခြံဝန်းအတွင်း မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာအပြင်းအထန်ရကြောင်း ယင်းကျေးရွာမှ ဒေသခံအချို့က ပြောသည်။
ဖေဖော်ဝါရီလ ၂ ရက် နံနက် ၇နာရီကျော်တွင် အထက်ဖော်ပြအမျိုးသမီးသည် အခြားအမျိုးသမီးနှစ်ဦး၊ အသက် ၁၀အရွယ် မိန်းကလေးတစ်ဦးတို့နှင့်အတူ သူငယ်ချင်းဖြစ်သူ၏ အိမ်ကို လာစဉ် နေအိမ်ခြံဝန်းနောက်ဘက်ရှိ မရမ်းသီး ခူးရန်ပြင်စဉ် မြေမြှုပ်မိုင်းနင်းမိကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“သူတို့ သူငယ်ချင်းခြံဆိုတော့ လန်ဂေါ်ရွက် (တညင်ရွက်) ဝင်ရောက်ခူးဆွတ်ပြီးနောက်တွေ မရမ်းသီးတွေ့လို့ ဝင်ခူးစား ကြတာ။ မရမ်းသီးတွေလည်း သီးနေတာမြင်တော့ ခူးဖို့သွားရင်း အပင်အောက်မှာ မိုင်းနင်းမိတာ” ဟု ၎င်းက ပြောဆိုသည်။
မိုင်းနင်းမိသဖြင့် အသက် ၆၆ နှစ်အရွယ် ဒေါ်စိန်သန်းကြည် ခြေဖနောင့်အောက်ပိုင်း ပွင့်ထွက်ဒဏ်ရာရပြီး ဘေးအိမ်တွင် ရှိနေသည့် အသက် ၁၀နှစ်အရွယ် မိန်းကလေးငယ်မှာ မိုင်းစထိန်မှန် ဒဏ်ရာအနည်းငယ်ရကြောင်း အထက်ပါဒေသခံက ပြောဆိုသည်။
ဒေါ်စိန်သန်းကြည်ကို ဖေဖော်ဝါရီလ နံနက်ပိုင်းတွင် ပလောက်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး ဖေဖော်ဝါရီ ၃ ရက်တွင် ထားဝယ်ပြည်သူ့ဆေးရုံကြီးကို ဆက်လက်ပို့ဆောင်ကြမည်ဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။
မိန်းကလေးငယ်မှာ ရှပ်ထိဒဏ်ရာ အနည်းငယ်သာရသဖြင့် ဆေးရုံတင်ရန် မလိုအပ်ကြောင်း ဒေသခံအချို့က ပြောသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း (၁၂) တပ်ခွဲ ၃ တပ်စွဲထားသည့် ဆင်ထိုးကြီးရွာ အရှေ့ကမ်း တွင် အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိပြီး ၂၀၂၅ ခုနှစ်တွင် မိသားစု ၁၀ စုကျော် ရွာအစွန်တွင် ဝင်ရောက် နေထိုင်နေကြောင်း ဒေသခံများထံမှ သိရသည်။
ဆင်ထိုးကြီးရွာ၏ လူနေအိမ်ခြံဝန်းနှင့် ဥယျာဉ်ခြံသွားရင်း မြေမြှုပ်မိုင်းနင်းမိသူ ၁၇ ဦး ရှိလာပြီး ယင်းအနက် အရပ်သားနှစ်ဦး သေဆုံးကာ ကျန်လူနာအများစုမှာ ခြေလက်ကိုယ်အင်္ဂါဆုံးရှုံးမှုများ ရှိခဲ့သည်။
KNLA တပ်ရင်း (၁၂) တပ်ရင်းမှူးက စစ်ဘေးရှောင်များကို ဆင်ထိုးကြီးရွာတွင်း ဝင်ရောက်နေထိုင်ခွင့်ပြုထားသော်လည်း မြေမြှုပ်မိုင်းနင်းမိသည့်ဖြစ်စဉ်များ မကြာခဏရှိနေသဖြင့် ဒေသခံများ ရွာထဲပြန်လည် ဝင်ရောက် မနေထိုင်ရဲဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။
လက်ရှိ ကျေးရွာအတွင်း ဝင်ရောက်နေထိုင်သူ အနည်းငယ်နှင့် ခဏတဖြုတ် ဥယျာဉ်ခြံနှင့် မိမိနေအိမ်ကို လာရောက် ကြည့်ရှု သူများ မြေမြှုပ်မိုင်းနင်းမိသည့် ဖြစ်စဉ်များ မကြာခဏဖြစ်ပေါ်နေမှုကြောင့် ရွာထဲက မြေမြှုပ်မိုင်းများကို ဖယ်ရှားရှင်းလင်း ပေးရန် လိုအပ်ကြောင်း ဒေသခံများက ပြောဆိုသည်။
၂၀၂၄ ခုနှစ်က နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားချိန်တွင် ဆင်ထိုးကြီးကျေးရွာ ဒေသခံများ ရွာလုံးကျွတ်ထွက်ပြေးခဲ့ရခြင်းဖြစ်သည်။







