အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ အင်တာပိုလ်က အင်ဒိုနီးရှားနိုင်ငံမှ ရေနံသူဌေးတစ်ဦးအား ဖမ်းဆီးနိုင်ရန် အလိုရှိသူအဖြစ် Red Notice ထုတ်လိုက်ကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြောသည်။
အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံ အကျင့်ပျက်ခြစားမှုအရှုပ်တော်ပုံနှင့် ပတ်သက်၍ အဆိုပါ ရေနံသူဌေးအား အင်တာပိုလ်က ယင်းသို့ Red Notice ထုတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
အသက် ၆၆ နှစ်အရွယ် မိုဟာမက်ရီဇာချာလစ်သည် အင်ဒိုနီးရှားတွင် ‘ဓာတ်ဆီလောက ဂေါ့ဖားသား’ ဟု အမည်ပြောင်ပေးခံထားရသူ ဖြစ်သည်။
၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံပိုင် Pertamina ရေနံကုမ္ပဏီ၏ အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံနှင့်ပတ်သက်၍ အင်ဒိုနီးရှားအာဏာပိုင်များက ၎င်းအား အလိုရှိနေသည်။
ရီဇာသည် ငွေကြေးခဝါချမှု ၊ ငှားရမ်းမှု သဘောတူညီချက်များအပေါ် မသမာသည့်နည်းဖြင့် ခြယ်လှယ်မှု အပါအဝင် အဂတိလိုက်စားမှုများတွင် ပါဝင်ပတ်သက်ခဲ့ကြောင်း သံသယရှိမှုဖြင့် အာဏာပိုင်များက အလိုရှိနေခြင်း ဖြစ်သည်။
အင်တာပိုလ်က ရီဇာအား အလိုရှိသူအဖြစ် ဇန်နဝါရီလ ၂၃ ရက်တွင် Red Notice ထုတ်လိုက်ကြောင်း နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုလ်၏ အင်ဒိုနီးရှားနိုင်ငံအမျိုးသားဗဟိုဗျူရို အတွင်းရေးမှူး Untung Widyatmoko က အတည်ပြုပြောဆိုသည်။
“သူ ဘယ်နေရာမှာ ရှိနေတယ်ဆိုတာကို အတိအကျ ထုတ်မပြောနိုင်ပေမဲ့ ကျွန်တော်တို့ သိထားပြီးသားပါ” ဟု ၎င်းက ပြောသည်။
ရီဇာအား ရှာဖွေဖော်ထုတ်ကာ ယာယီဖမ်းဆီးထိန်းသိမ်းနိုင်ရေး ကမ္ဘာတစ်ဝန်းရှိ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများ၏ အကူအညီကို ရယူရန် အဆိုပါ Red Notice ကို အင်တာပိုလ်အဖွဲ့ဝင် ၁၉၆ နိုင်ငံသို့ ပေးပို့ထားပြီး ဖြစ်သည်။
Source: The Jakarta Post







