ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တောင်းပန်ခြင်း အစအနများ

January 3, 2026

မနေ့ နေ့လယ်လောက်က ရုံးခန်းထဲ ထိုင်ရင်း ကြည်နူးဖွယ် အခြေအနေလေးတစ်ခု ကောက်ရခဲ့တယ်။

“အမေတို့ နောက်ကျသွားတယ်နော် သမီးလေး။ မေမေ တောင်းပန်ပါတယ်။ အဆင်ပြေတယ်မလား သမီးလေး။ နောက်နေ့ နောက်မကျစေရဘူး”

“ဖေဖေလည်းတောင်းပန်တယ်နော် သမီး။ အလုပ်လေး လက်စသတ်မရဘဲဖြစ်နေလို့ ဖေဖေတို့ နောက်ကျသွားတာပါ။ သမီးစိတ်ဆိုးနေတာလား။ ဖေဖေ ဘာလုပ်ပေးရမလဲ။ မနက်ဖြန်တော့ နောက်မကျဘဲ လာကြိုမယ်နော်”

“ ဘေဘီချိတ်ချိုးပါဘူး။ ချင်ပြေပါတယ် ဖေဖေ။ ဘေဘီ့ကို အာဘွားတုံးခါပေး”

“ ဟား….ရတာပေါ့။ ခုပေးရမှာလား အိမ်ရောက်မှ ပေးရမှာလား”

“ ခုပေး ဖေဖေ”

“ ကဲဗျာ…ကဲဗျာ….ကဲဗျ….။ သုံးကြိမ်ပြည့်ပြီနော်။ ဖေဖေတို့ ပြန်ကြရအောင် တီချယ်တို့ကို နှုတ်ဆက်လိုက်ပါဦး”

“ အိမ်မပြန်ခင် အမေတို့ ဈေးဝယ်စင်တာသွားပြီး သမီးလိုချင်နေတဲ့ ခရစ်စမတ်ဖိုးဖိုး အရုပ်ပါ တစ်ခါတည်း သွားဝယ်ကြမယ်”

သားအမိသားအဖ သုံးယောက် မပီကလာ၊ ပီကလာ အသံလေးနဲ့ တီတီတာတာတွေ ပြောပြီး ပြန်သွားကြတော့ ရုံးခန်းထဲ ပြုံးပြီး ကျန်နေခဲ့သူက ကျွန်တော်ရယ်ပါ။ ကြည်နူးဖို့ကောင်းတဲ့၊ လေးစားဖို့ကောင်းတဲ့ မိသားစုဆက်ဆံရေးလေးမလား။

တကယ်တော့ ကလေးရဲ့ EQ-IQ အတန်းချိန်ပြီးတာက ၁၁ နာရီခွဲပါ။ ခု ကလေးကို လာကြိုတဲ့ အချိန်က ၁၁နာရီ ၄၅ မိနစ်ဆိုတော့ အဖေနဲ့အမေက မိနစ်အနည်းငယ်သာ နောက်ကျသွားတာပါ။

အဲလိုနောက်ကျမယ့်အကြောင်းကိုလည်း ရုံးခန်းကို ကြိုဖုန်းဆက်ပြီး သင်တန်းဆရာများကိုလည်း ပြောပေးဖို့နဲ့ အထူးသဖြင့် သူတို့သမီးလေးကို ပြောပြထားပေးဖို့ လှမ်းပြောထားပြီးသားပါ။ ဒီနေ့ တစ်ရက်တည်းတော့မဟုတ်ပါ။ အရင်ကလည်း မလွဲသာ မရှောင်သာ အခြေအနေတွေကြောင့် သူတို့ နောက်ကျရတော့မယ်ဆိုရင် ခုလိုပဲ သူတို့ ပြုမူတတ်ကြပါတယ်။

ဘေဘီ ရဲ့ အသက်က ၃ နှစ်ကျော်ကျော်လေးသာ ရှိပါသေးတယ်။ အဖေနဲ့အမေဖြစ်သူက ခန့်မှန်းချေ ၃၅-၃၈ ဝန်းကျင်လောက်မှာရှိပါလိမ့်မယ်။ ခုနက သူတို့မိသားစုလေးရဲ့ အခြေအနေလေးတွကို ထောက်ကြည့်ရင်း အသက်ကွာဟာမှုတွေ ဘယ်လောက်ပဲရှိရှိ၊ ဦးနှောက်ဖွံ့ဖြိုးခြင်း ကွာဟမှုတွေ ဘယ်လောက်ပဲရှိရှိ မိဘတစ်ယောက်အနေနဲ့သားသမီးအပေါ်မှာ ပေးသင့်ပေးထိုက်တဲ့ လေးစားတန်ဖိုးထားမှုတွေထည့်ပေးထားတော့ မိဘနဲ့သားသမီးကြား စိတ်ဓာတ်ပိုင်းဆိုင်ရာလေးတွေက တသားတည်းကျနေတာကို “ ဘေဘီချိတ်ချိုးပါဘူး။ ချင်ပြေပါတယ် ဖေဖေ။ ဘေဘီ့ကို တုန်တိုက်လိုက်ပို့ပေးရမယ်၊ ပြီးရော့ ခရစ်ချမတ်ဘိုးဘိုးအရုပ်ဝယ်ပေး” ဆိုတဲ့ ပျားရည်စွတ်စကားလုံးတွေက အကြားသက်သေတွေပဲ မဟုတ်လား။

ဒီနေရာ ကျွန်တော်နှလုံးသားကို သိမ်းကျုံးအယူနိုင်ဆုံးက မိဘနှစ်ပါးရဲ့ တောင်းပန်ခြင်းတွေပါ။ ဒီတောင်းပန်ခြင်းတွေက ဘေဘီလို့ခေါ်တဲ့ ပန်းကလေးဟာ လူသားဆန်မှုအဟာရတွေနဲ့ ကြီးပြင်းလာနိုင်ဖို့ လောကကြီးအတွက် ရနံ့ကောင်းတွေ ဆောင်ယူပေးနိုင်ဖို့ အကောင်းဆုံးမြေဩဇာတွေပါပဲ။ သူတို့ရဲ့ တောင်းပန်ခြင်းတွေကို ကြားရပြီးတဲ့နောက် ဖတ်ခဲ့ဖူးတဲ့ စာစုလေးတစ်စုကိုလည်း ပြန်သတိရမိပါတယ်။

စာစုလေးထဲမှာတော့ တောင်းပန်ခြင်းကို အဆင့်(၄)ဆင့်နဲ့ ဖော်ပြထားပါတယ်။ အဲဒီ အဆင့်(၄)ဆင့်ကို စုံအောင် မလုပ်နိုင်ရင် တောင်းပန်ခြင်းအစစ်အမှန်လို့ မယူဆနိုင်ပါဘူးလို့ ဆိုထားပါတယ်။ အဲဒီအဆင့်တွေကတော့ “ (၁) တောင်းပန်စကားဆိုခြင်း၊ (၂) မှားကြောင်း ဝန်ခံခြင်း၊ (၃) ဘယ်လိုပြန်လုပ်ပေးရမလဲ မေးခြင်း၊ (၄) ပြင်ဆင်ခြင်း ” ဆိုတဲ့ အဆင့်တွေပဲ ဖြစ်ပါတယ်။ ခုနက ဘေဘီ့ အဖေနဲ့အမေ လုပ်သွားတဲ့ အခြေအနေနဲ့ ချိန်ထိုးကြည့်ရင်
(၁) “မေမေတောင်းပန်ပါတယ်၊ ဖေဖေလည်းတောင်းပန်ပါတယ်နော် သမီး” ဆိုတဲ့ စကားလုံးတွေဟာ တောင်းပန်စကားဆိုခြင်း အဆင့်ထဲ အကျုံးဝင်ပါတယ်။

(၂) “ အမေတို့ နောက်ကျသွားတယ်နော် သမီးလေး”၊ “ အလုပ်လေး လက်စသတ်မရဘဲဖြစ်နေလို့ ဖေဖေတို့ နောက်ကျသွားတာပါ” ဆိုတဲ့ စကားဟာ မှားကြောင်းဝန်ခံခြင်း အဆင့်ဖြစ်ပါတယ်။

(၃) “ အဆင်ပြေတယ်မလား သမီး”၊ “ သမီးစိတ်ဆိုးနေတာလား ၊ ဖေဖေ ဘာလုပ်ပေးရမလဲ” ဆိုတဲ့ စကားလုံးတွေဟာ ဘယ်လိုပြန်လုပ်ပေးရမလဲ မေးခြင်း အဆင့်ထဲ ဝင်ပါတယ်။

(၄) “ နောက်နေ့ နောက်မကျစေရဘူး”၊ “မနက်ဖြန်တော့ နောက်မကျဘဲ လာကြိုမယ်နော်” ဆိုတဲ့ စကားလုံးတွေဟာ ပြင်ဆင်ခြင်း အဆင့်ထဲ ပါသွားပါတယ်။

တစ်ယောက်တည်း ခွဲခြမ်းစိတ်ဖြာကြည့်နေရင်းကနေ မဟုတ်မှလွဲရော ကျွန်တော်ဖတ်ဖူးတဲ့ စာစုလေးကို ဘေဘီ့ မိဘတွေလည်း ဖတ်ခဲ့ရဖူးသလားလို့ တွေးမိပါတယ်။

တောင်းပန်စကား ဆိုခြင်းဟာ နောင်တရကြောင်းပြပြီး၊ မှားကြောင်းဝန်ခံခြင်းက တာဝန်ယူကြောင်းပြတာ၊ နောက်ပြီး ဘယ်လိုပြန်လုပ်ပေးရမလဲ မေးခြင်းနဲ့ ပြင်ဆင်ခြင်းဟာ တောင်းပန်ခြင်းဖြစ်စဉ်ရဲ့ အခရာအကျဆုံး၊ တောင်းပန်ခြင်းရဲ့ အသက်ဖြစ်ကြောင်း ဒီစာစုထဲမှာ ဆိုထားပါတယ်။ ဘယ်လိုပဲ နောင်တရရ၊ မှားကြောင်း ဘယ်လိုပဲ ဝန်ခံခံ၊ မပြင်ဆင်ကြရင် အရာအားလုံးက အလဟဿဖြစ်နေမှာ သေချာပါတယ်။

နောက်ပြီး စာစုထဲမှာ မပါပေမယ့် ကျွန်တော့်ခေါင်းထဲ အတွေးတစ်ခုက တိုးဝင်လာပါသေးတယ်။ အဲဒီလိုတောင်းပန်ခြင်းကနေ ဘယ်လိုရလဒ်တွေများ ယူလာပေးနိုင်သလဲဆိုတဲ့ အတွေးပါ။

“တောင်းပန်စကားဆိုခြင်း”၊ “မှားကြောင်း ဝန်ခံခြင်း” နဲ့ “ပြင်ဆင်ခြင်း” ဟာ ဖြစ်ပျက်သွားတဲ့ အခြေအနေ(နောက်ကျသွားတဲ့) အမှားအတွက် ဘေဘီရဲ့ စိတ်ထဲရှိနေနိုင်တဲ့ အဖုအထစ်ကို ချက်ချင်း ဖယ်ရှားပေးလိုက်နိုင်လိမ့်မယ်လို့ထင်ပါတယ်။ တစ်နည်းအားဖြင့် ကလေးဟာ သူ “တန်ဖိုးထားခံရတယ်” ဆိုတဲ့ ခံစားချက်ကို ရသွားနိုင်ပါတယ်။ နောက်နေ့တွေမှာ နောက်မကျအောင် အမှန်တကယ် ပြင်ဆင်ပေးလိုက်မယ်ဆိုရင် ကလေးနဲ့ မိဘကြား ယုံကြည်မှု ပိုတိုးဖို့ အခွင့်အရေးတွေ ရလာနိုင်ပါတယ်။

“ဘာလုပ်ပေးရမလဲ” လို့ မေးခြင်းဟာ ကလေးရဲ့ ဆန္ဒကို ဦးစားပေးတာ ဖြစ်ပါတယ်။ ကလေးက “တုန်တိုက်လိုက်ပို့ပေး၊ အရုပ်ဝယ်ပေး” လို့ ပြန်ပြောနိုင်တာဟာ မိဘနဲ့သားသမီးကြားမှာ ပွင့်လင်းမြင်သာတဲ့ ဆက်ဆံရေး ရှိနေတာကို မြင်သာစေပြီး နောက်များမှလည်း ဆက်ရှိနေဖို့အတွက် အထောက်အပံ့ပေးနိုင်ပါတယ်။

ဒီအချက်တွေဟာ တောင်းပန်ခြင်း (ကလေးတစ်ယောက်ကို မိဘအနေနဲ့ တောင်းပန်ခြင်း)ဟာ အလိုလိုက်တာ၊ ပျော့ညံ့တာ၊ အားနည်းတာ မဟုတ်ဘဲ၊ စိတ်သန်မာတာ၊ မေတ္တာတရားကြံ့ခိုင်တာ၊ စိတ်ကျန်းမာမှုရှိတာကို ထောက်ပြနေခြင်းဖြစ်ပါတယ်။

ကျွန်တော်တို့ မြန်မာ့လူ့အဖွဲ့အစည်းမှာ မှားယွင်းနေတဲ့ အယူအဆတွေ အများကြီး ရှိပါတယ်။ အဲဒီထဲမှာ ကလေးတွေကို တောင်းပန်ခြင်းကလည် အစတစ်စအနေနဲ့ပါဝင်ပါတယ်။ “ ငါက အကြီး၊ သူက အငယ်ပဲ။ ငါက ဘာလို့တောင်းပန်ရမှာလဲ”၊ “ ငါက နင့်ကို မွေးထားတဲ့ မိဘလေ၊ မိဘဆိုတာ သားသမီးအပေါ်မှာ အမြဲမှန်တယ်ဟဲ့”၊ “ ဆရာမှားရင် Sorry , တပည့်မှားရင် ငှက်ပျောသီး”၊ “ သူက ငယ်သေးတာပဲ၊ ဘာတောင်းပန်စရာလိုလဲ၊ သူ ဘာမှ မသိဘူးဟ” ဆိုတဲ့ စကားလုံးတွေကို အားလုံးနီးပါး ကြုံဖူးကြားဖူးလိမ့်မယ်လို့ထင်ပါတယ်။ ဒါတွေဟာ ကလေးတွနဲ့ အမြဲတစေထိစပ်နေကြတဲ့ မိဘ၊ဆရာ၊ အုပ်ထိန်းသူတွေအားလုံး ပြင်ဆင်သင့်တဲ့ မိရိုးဖလာအယူအဆတွေပါ။

တကယ်တော့ ကလေးတွေကို ပျိုးထောင်ရာမှာ လွဲမှားနေတဲ့ အယူအဆတချို့ကို စွန့်လွှတ်ပစ်ပြီး ဘေဘီ့မိဘလိုမျိုး အသိဉာဏ်နဲ့ ဆွဲခေါ်ပျိုးထောင်ပေးသင့်တယ် မဟုတ်ပါလား။

“ တီချယ်ရေ ခုနက ပျာပျာယာယာနဲ့မို့ ဘေဘီ့ရေဘူးလေး ကျန်ခဲ့လို့ ပြန်လာယူတာပါ”

အသံလေးတစ်စ ရုံးခန်းဆီ ဖြတ်ပျံလာတော့ တွေးလက်စအတွေးကို ဖြတ်ချရင်း အသံလာရာဆီ လှမ်းကြည့်ဖြစ်ပါတယ်။ သူ့မိဘနှစ်ပါးနဲ့အတူ ဘေဘီက ပြုံးလို့ပျော်လို့။ ဆိုင်ရာ ဆရာမလေးတစ်ယောက်က ရေဘူးယူပြီး သွားပေးတော့ ဘေဘီက သူ့လက်ထဲက ခရစ္စမတ်ဘိုးဘိုး အရုပ်လေးကို လှမ်းကြွားနေလေသေးရဲ့။

Merry Christmas ဘေဘီ။

ဘရိုင်ယံရိန်း