ဗင်နီဇွဲလားသမ္မတ မာဒူရိုအား အမေရိကန်တွင် တရားစွဲဆိုရန် ဖမ်းဆီးလိုက်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် ဆွေးနွေးပြောဆိုခဲ့သည့် ဆီးနိတ်လွှတ်တော်ရီပတ်ဘလီကန်အမတ်တစ်ဦးက ပြောကြားသည်။
ဗင်နီဇွဲလားသမ္မတ နီကိုလတ်စ်မာဒူရိုအား အမေရိကန်ပြည်ထောင်စုတွင် တရားစွဲဆိုရန် အမေရိကန်တပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီဖြစ်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူယီယို က အသိပေးခဲ့ကြောင်း ဆီးနိတ်လွှတ်တော် ရီပတ်ဘလင်ကန်အမတ် Mike Lee က X လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားပြောဆိုသည်။
“ဒီည ဖော်ဆောင်ခဲ့တဲ့ စစ်ရေးလှုပ်ရှားမှုတွေဟာ ဖမ်းဝရမ်းအတိုင်း ဆောင်ရွက်သူတွေကို ကာကွယ်ဖို့ဖြစ်ကြောင်း ကျွန်တော့်ကို အကြောင်းကြားပါတယ်” ဟု ၎င်းက ရေးသားထားသည်။
“ဒီလုပ်ဆောင်ချက်ဟာ အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂ အရ အမေရိကန် ဝန်ထမ်းတွေကို အန္တရာယ်ကနေ ကာကွယ်ဖို့ သမ္မတမှာ ရှိတဲ့ ပင်ကိုယ်လုပ်ပိုင်ခွင့်အတွင်းမှာ ရှိနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။
ယနေ့ စနေနေ့ အစောပိုင်းတွင် လုပ်ဆောင်ခဲ့သည့် အမေရိကန်၏ ဗင်နီဇွဲလားကို တိုက်ခိုက်မှုနှင့် ပတ်သက်၍ Mike Lee က အဆိုပါ တိုက်ခိုက်မှုအပေါ် စိုးရိမ်ကြောင်း အစောပိုင်းက ဖော်ပြခဲ့သည်။
စစ်ကြေညာထားခြင်း မရှိဘဲ ယင်းသို့ တိုက်ခိုက်မှုမှာ အခြေခံဥပဒေနှင့် ကိုက်ညီခြင်း ရှိမရှိ သိလိုကြောင်း ၎င်းက ရေးသားခဲ့သည်။
Source: CNN







