နိုင်ငံတွင်း နိုင်ငံခြားတပ်ဖွဲ့များ ရှိနေမှုကို လက်မခံဘဲ အစွမ်းကုန် ခုခံတွန်းလှန်သွားမည်ဟု လိုပက်ဇ်က ဗင်နီဇွဲလားကာကွယ်ရေးဝန်ကြီး ဗလာဒီမာပက်ဒရီနိုလိုပက်ဇ်က ယနေ့ ဇန်နဝါရီလ ၃ ရက်တွင် အခိုင်အမာ ပြောကြားလိုက်သည်။
အမေရိကန် တိုက်ခိုက်ရေးရဟတ်ယာဉ်များမှ ပစ်ခတ်သော ဒုံးကျည်များကြောင့် ဗင်နီဇွဲလားနိုင်ငံတစ်ဝှမ်းရှိ မြို့ပြဒေသများ ထိခိုက်ပျက်စီးခဲ့ကြောင်း ၎င်းက ဆိုသည်။
“ဒီကျူးကျော်မှုဟာ ကျွန်တော်တို့နိုင်ငံ ကြုံခဲ့ရသမျှထဲမှာ အဆိုးဝါးဆုံး ခံပြင်းဒေါသကို ကိုယ်စားပြုတယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် အမေရိကန်၏ တိုက်ခိုက်မှုကြောင့် ဗင်နီဇွဲလားနိုင်ငံအတွင်း သေဆုံး၊ ဒဏ်ရာရစာရင်းကို ပြုစုနေကြောင်း ၎င်းက ပြောသည်။
နိုင်ငံ့မြို့တော်ကာရာကတ်စ်ရှိ ဖော့တီယူနာ စစ်အခြေစိုက်စခန်း တိုက်ခိုက်ခံရမှုကိုလည်း ၎င်းက အတည်ပြုသည်။
နိုင်ငံတွင်း နိုင်ငံခြားတပ်ဖွဲ့များ ရှိနေမှုကို လက်မခံဘဲ အစွမ်းကုန် ခုခံတွန်းလှန်သွားမည်ဟု ၎င်းက အခိုင်အမာ ပြောဆိုသည်။
ဗင်နီဇွဲလား၏ မဟာမိတ် အီရန်ကလည်း အမေရိကန်၏ စစ်ရေးတိုက်ခိုက်မှုကို ရှုံ့ချလိုက်ကြောင်း အီရန်အစိုးရပိုင် Press TV မီဒီယာတွင် ဖော်ပြသည်။
အမေရိကန်၏ ယခုတိုက်ခိုက်မှုသည် ဗင်နီဇွဲလား၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်မှုကိုသာမက ကုလသမဂ္ဂ ပဋိညာဉ်ကိုပါ ချိုးဖောက်ခြင်းဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။
ဗင်နီဇွဲလားကို တိုက်ခိုက်ပြီး သမ္မတမာဒူရိုကို ဖမ်းဆီးခြင်းမှာ ထရမ့်လက်ထက်တွင် “ရန်လိုအပြင်းထန်ဆုံး စစ်ရေးဝင်ရောက်စွက်ဖက်မှု” ဖြစ်ကြောင်း CNN သတင်းထောက် Paton Walsh က သုံးသပ်သည်။
“ဒါဟာ တကယ့်ကို ထိတ်လန့်စရာ အပြောင်းအလဲပါ။ ဘင်လာဒင်ကို နှိမ်နင်းတာ ဒါမှမဟုတ် လွန်ခဲ့တဲ့ နှစ် ၂၀ က ဆက်ဒမ်ဟူစိန်ကို ဖမ်းဆီးခဲ့တာမျိုးတွေနဲ့ပဲ နှိုင်းယှဉ်လို့ ရပါလိမ့်မယ်”
ရုရှားနှင့် တရုတ်၏ အကူအညီရထားသည့် သမ္မတတစ်ဦးကို အမေရိကန်စစ်တပ်က သန်းခေါင်ယံအချိန်တွင် ဖမ်းဆီးသွားခြင်းဖြစ်၍ တုန်လှုပ်ဖွယ်ရာ အခိုက်အတန့်ဟု ၎င်းက ဆိုသည်။
Source: CNN







