ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဗင်နီဇွဲလား သမ္မတအား နိုင်ငံပြည်ပသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီဟု ထရမ့်ပြော

January 3, 2026

ဓာတ်ပုံ - AP

ဗင်နီဇွဲလားသမ္မတ မာဒူရိုအား ဖမ်းဆီးကာ နိုင်ငံပြင်ပသို့ ခေါ်ဆောင်သွားခဲ့ပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားသည်။

ယနေ့ နံနက်အစောပိုင်းတွင် ဗင်နီဇွဲလားမြို့တော် ကာရာကတ်စ်ကို အမေရိကန်က အကြီးအကျယ် တိုက်ခိုက်ပြီးနောက် ထရမ့်က ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

အသေးစိတ်ကို ဆက်လက်ထုတ်ပြန်မည်ဟု ၎င်းက ဆိုသည်။

“ဗင်နီဇွဲလားနိုင်ငံနဲ့ သူ့ရဲ့ခေါင်းဆောင် မာဒူရိုကို အမေရိကန်က အကြီးစားတိုက်ခိုက်မှုတစ်ခု အောင်မြင်စွာ လုပ်ဆောင်နိုင် ခဲ့ပါတယ်။ မာဒူရိုနဲ့ သူ့ဇနီးကိုလည်း ဖမ်းဆီးပြီး နိုင်ငံပြင်ပကို လေယာဉ်နဲ့ ခေါ်ဆောင်သွားပါပြီ” ဟု ထရမ့်က ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

“ဒီစစ်ဆင်ရေးကို အမေရိကန် တရားဥပဒေစိုးမိုးရေးအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ” ဟု ၎င်းက ပြောဆိုသည်။

အမေရိကန်၏ တိုက်ခိုက်မှုကြောင့် ကာရာကတ်စ်မြို့တွင် ပထမဆုံး ပေါက်ကွဲမှုမှာ ယနေ့ နံနက် ၁ နာရီ ၅၀ မိနစ်ခန့်တွင် စတင်ခဲ့ကြောင်း CNNသတင်းဌာနက ဖော်ပြသည်။

ဗင်နီဇွဲလားနိုင်ငံ၏ ပြည်နယ် သုံးခု တိုက်ခိုက်ခံရသဖြင့် သမ္မတမာဒူရိုက နိုင်ငံတော်အရေးပေါ် အခြေအနေ ကြေညာကာ တပ်ဖွဲ့များကို အသင့်ပြင်ထားသည်။

ယင်းမှာ အမေရိကန်၏ “စစ်ရေးအရကျူးကျော်တိုက်ခိုက်မှု” ဖြစ်၍ လက်မခံနိုင်ကြောင်း ဗင်နီဇွဲလားအစိုးရက တုံ့ပြန်ခဲ့သည်။

ယနေ့ နံနက် ၂ နာရီခန့်မှစ၍ ဗင်နီဇွဲလားနိုင်ငံ၏ မြို့တော်တစ်ခွင် ပေါက်ကွဲသံများ၊ လေယာဉ်များနှင့် မီးခိုးမည်းများကို မြင်တွေ့ရကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။

ဗင်နီဇွဲလားရှိ မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းများကို အရေးယူရန် ပြင်ဆင်နေကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အကြိမ်ကြိမ် သတိပေးပြောဆိုထားသည်။

ဗင်နီဇွဲလားတွင် မြေပြင်စစ်ဆင်ရေးလုပ်မည်ဟုလည်း ၎င်းက အကြိမ်ကြိမ် ပြောဆိုထားသည်။

Source: CNN ၊ Reuters