ထားဝယ်နှင့် သရက်ချောင်းမြို့နယ်အတွင်းရှိ ကျေးရွာချင်းဆက် တံတား ၃ စင်းကို ဒီဇင်ဘာ ၂ ရက်နေ့က စစ်အာဏာရှင်တပ်က ဖျက်ဆီးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။
ထားဝယ်မြို့နယ်၊ ရှင်မုတ္ထီးရွာနှင့် ရောင်းမော်ရွာချင်းဆက် တံတား ၁ စင်း၊ ရောင်းမော်ရွာနှင့် ဆေးဖြတ်ကုန်းရွာချင်းဆက် တံတား ၁ စင်း၊ ရောင်းမော်နှင့် သဲတော၊ ကင်းရှေ့၊ စော်ဖျားရွာများကို ဆက်သွယ်ထားသည့် တံတား ၁ စင်းကို ဘတ်ဟိုးဖြင့် တူးဖြိုဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“ရောင်းမော်လမ်းဆုံမှာ ဆေးဖြတ်ကုန်းဘက်သွားတဲ့ တံတားလည်းရှိတယ်။ သဲတော၊ ကင်းရှေ့ စော်ဖျားရွာတွေဘက်ကိုသွားတဲ့ တံတားလည်းရှိတယ်။ ဘတ်ဟိုးတစ်စီးနဲ့ လာဖြိုသွားတယ်။ ပြီးတော့ပြန်ထွက်သွားတယ်လို့ပြောတယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။
အဆိုပါ တံတား ၃ စင်းကိုဖျက်ဆီးလိုက်သဖြင့် ရှင်မုတ္တထီးနှင့် ညောင်ဇင်(ဘက)ကျောင်းတွင် ပညာသင်ကြားနေသည့် ကျောင်းသူကျောင်းသားများ၊ ကျောင်းသားမိဘများ သွားလာရေး အခက်အခဲများစွာ ရှိလာနိုင်သည်ဟု ၎င်းက ဆက်ပြောသည်။
ယင်းကျေးရွာများသည် ဆိုင်ကယ်ဖြင့် လာရောင်းသော စျေးသည်များထံမှ အသားငါး ဟင်းသီးဟင်းရွက်များကို ဝယ်ယူစားသောက်နေရသဖြင့် ဈေးဆိုင်ကယ်ဝင်လာမရပါက စားရိက္ခာပါ အခက်အခဲရှိလာမည်ဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။
ဒီဇင်ဘာ ၁ ရက်နေ့တွင် အင်အား ၁၀၀ ကျော်ရှိသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းသည် ထားဝယ်မြို့မှ ရောင်းမော်ရွာကို ရောက်ရှိလာပြီး တံတား ၃ စင်းကို ဖျက်ဆီးပြီးနောက် ပြန်လည်ထွက်ခွာသွားသည်ဟု ဒေသခံအချို့က ပြောသည်။







