BREAKING
December 2, 2025

ထားဝယ်ဒေသခံများ ကျပ်သိန်းပေါင်းများစွာ ထုတ်မရသည့်ကိစ္စတွင်တာဝန်ရှိသူ ဦးစိုးမင်းထိုက် ရွေးကောက်ပွဲဝင်ပြိုင်

December 2, 2025

ထားဝယ်ဒေသခံများ၏ ရင်းနှီးထည့်ဝင်ငွေ ငွေကျပ်သိန်းပေါင်းများစွာ ပြန်ထုတ်ယူ၍ မရဘဲဖြစ်နေသည့် ငွေကြေး ပြဿနာအား ဖြေရှင်းမပေးနိုင်သေးသည့် ဦးစိုးမင်းထိုက်သည် ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း စုံစမ်းသိရသည်။

စစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲတွင် မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ (MFDP) ကိုယ်စားပြုပြီး ရန်ကုန်တိုင်းလွှတ်တော်အတွက် ကမာရွတ်မြို့နယ် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဥ်ပြိုင် မည်ဖြစ်ကြောင်း စစ်ကော်မရှင် လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဦးစိုးမင်းထိုက် ကိုယ်တိုင်သည်လည်း Tiktok ကဲ့သို့ ဆိုရှယ်မီဒီယာကတစ်ဆင့် မဲဆွယ်စည်းရုံးမှုများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နေသည်။

ထို့အပြင် ကမာရွတ်မြို့နယ်တွင်လည်း မဲဆွယ်စည်းရုံးရေးဆိုင်းဘုတ်များ စိုက်ထူထားသည်ကို တွေ့ရကြောင်း မျက်မြင်တွေ့ရှိသူအချို့က ပြောသည်။

ဦးစိုးမင်းထိုက်သည် Forex Trading ဟု ခေါ်သည့် နိုင်ငံတကာငွေကြေး ရောင်းဝယ်ရေးဈေးကွက်တွင် ရင်းနှီးမြှုပ်နှံသူ ဆိုသည့် ဒေါက်တာညီညီဆွေ၏ လက်အောက်မှ ထားဝယ်ဒေသအတွက် Leader (ခေါင်းဆောင်) တစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ကြောင်း နီးစပ်သူများက ပြောသည်။

တစ်လလျှင် အတိုး ၁၅ ရာခိုင်နှုန်းရမည်ဆိုသဖြင့် ထားဝယ်ဒေသခံများ ရင်းနှီးငွေများ ထည့်ဝင်ထားကြကြောင်း စုံစမ်းသိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ထဲထဲဝင်ဝင်သိရှိသူတစ်ဦး၏အဆိုအရ ထားဝယ်ဒေသတွင် Leader ၂၇ ယောက်ရှိပြီး ငွေကြေးပြဿနာအားလုံးနီးပါးက ဦးစိုးမင်းထိုက်နှင့် ပတ်သက်နေကြောင်း ပြောဆိုသည်။

ဒေသခံတစ်ဦးလျှင် ကျပ်သိန်းဆယ်ဂဏန်းမှ သိန်းသုံးထောင်အထိ ထည့်ဝင်ထားကြပြီး ငွေပမာဏ များပြားကြောင်း ၎င်းက ဆိုသည်။

“တော်တော်များများက သူ့ကို (ဦးစိုးမင်းထိုက်) တိုက်ရိုက် မထည့်ပေမယ့် သူနဲ့ပတ်သက်တယ်လို့ ပြောလို့ရတယ်။ အဲဒီလိုမျိုးတွေက သိန်းပေါင်း သောင်းနဲ့ချီရှိနိုင်တယ်” ဟု အထက်ပါသိရှိသူက ပြောဆိုသည်။

သို့သော် ယခုနှစ် ဧပြီလတွင် ဒေါက်တာညီညီဆွေအား ရန်ကုန်ရှိ မှုခင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် အတိုး ၁၅ ရာခိုင်နှုန်း ထုတ်မပေးတော့သည့်အပြင် အရင်းပါပြန်ထုတ်မရ ဖြစ်နေကြကြောင်း ငွေကြေးထည့်ဝင်ထားသူများက ဆိုသည်။

ရန်ကုန်နှင့် ထားဝယ် ခေါက်တုံ့ခေါက်ပြန်သွားလေ့ရှိသည့် ဦးစိုးမင်းထိုက်သည် ငွေကြေးပြဿနာပေါ်ပေါက်ပြီးနောက် ထားဝယ်သို့ ပြန်မလာတော့ဘဲ ငွေကြေးထည့်ဝင်သူများကိုလည်း လက်ရှိအချိန်ထိ ထိရောက်သည့် ဖြေရှင်းပေးမှု မရှိသေးကြောင်း အထက်ပါသိရှိသူက ပြောသည်။

“ဖြေရှင်းပေးမယ်၊ ရလိမ့်မယ်ဆိုတဲ့ စကားကိုပဲ ပြောထားတာ။ လူတွေက ရနိုးနိုးနဲ့ မထုတ်ဖော်ကြတာ။ ထုတ်ဖော်လိုက်ရင် မရမှာ စိုးကြတာ။ အဲဒါကလည်း အချိန်တစ်ခုရောက်ရင် ပေါက်ကွဲလာနိုင်တယ်” ဟု ၎င်းက ပြောဆိုသည်။

အတိုး ၁၅ ရာခိုင်နှုန်းပေးမည်ဟု ပြောဆိုစည်းရုံးသောကြောင့် ထည့်ဝင်ထားကြသည့် ငွေကြေးပမာဏမှာ များပြားလွန်း သည့်အတွက် ပမာဏတိတိကျကျကို မသိရကြောင်း ငွေကြေးထည့်ဝင်ထားသည့် ထားဝယ်ဒေသခံအချို့က ပြောဆိုသည်။

အဆိုပါ ငွေကြေးပြဿနာကိစ္စနှင့် ရွေးကောက်ပွဲဝင်ရောက်ယှဥ်ပြိုင်မည့် အခြေအနေများအား မေးမြန်းနိုင်ရန် ဦးစိုးမင်းထိုက်အား ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေဆိုခြင်း မရှိသေးပေ။

နိုဝင်ဘာလ ၂၈ ရက်တွင် Dawei Watch ၏ ဖုန်းခေါ်ဆိုမှုကို ဦးစိုးမင်းထိုက်က ဖုန်းလက်ခံဖြေကြားခဲ့သော်လည်း မအားလပ်သေးဟုဆိုကာ ဖုန်းချသွားခဲ့သည်။

“လောလောဆယ် မအားဘဲဖြစ်နေတယ်။ အစည်းအဝေးထဲရောက်နေတယ်။ အခုချိန်မှာတော့ အစည်းအဝေး စဖို့လုပ်နေလို့” ဟု ၎င်းက ဖြေကြားခဲ့သည်။

ထို့နောက် နိုဝင်ဘာ ၂၉ ရက်နှင့် ဒီဇင်ဘာ ၁ ရက်နေ့တို့တွင် ဖုန်းဖြင့် အကြိမ်ကြိမ် ထပ်မံဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိတော့ပေ။

ထားဝယ်ဒေသခံတစ်ဦးဖြစ်သည့် ဦးစိုးမင်းထိုက်သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ၏ တာဝန်ခံ ဒေါ်ခင်စန္ဒီ၏ ခင်ပွန်းဟောင်းလည်း ဖြစ်သည်။

ဒေါ်ခင်စန္ဒီသည် ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် လောင်းလုံးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားပြုဝင်ရောက်ယှဥ်ပြိုင်ရာ နှစ်ကြိမ်စလုံး အနိုင်ရရှိခဲ့သည်။

ဒေါ်ခင်စန္ဒီကမူ ဦးစိုးမင်းထိုက်နှင့် ၂၀၂၁ခုနှစ် ဇွန်လကတည်းက ကွာရှင်းထားပြီးဖြစ်ကြောင်း Dawei Watch သို့ ပြောသည်။

“တော်လှန်ရေးကာလ ငါးနှစ်စလုံး ကျွန်မတို့ ကိုယ့်လမ်းကိုယ်လျှောက်ခဲ့တာ။ (ရွေးကောက်ပွဲဝင်တာက) ဒါကတော့ သူ့ရွေးချယ်မှုနဲ့ သူပါပဲ။ ကျွန်မလည်း ကျွန်မယုံကြည်ချက်အတိုင်း အဆုံးထိ လျှောက်မှာပဲ” ဟု ဒေါ်ခင်စန္ဒီက ပြောဆိုသည်။

၎င်းအနေဖြင့်မူ ပြည်ပသို့ ထွက်ခွာရန် အခွင့်အလမ်းများရှိခဲ့သော်လည်း လက်ရှိအချိန်ထိ ပြည်တွင်း၌သာ တော်လှန်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း ဆက်လက်ပြောဆိုသည်။

ဦးစိုးမင်းထိုက်၏ ညီအရင်းဖြစ်သူ ဦးသက်အောင်လည်း မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ်အဖြစ် တနင်္သာရီတိုင်းလွှတ်တော်အတွက် လောင်းလုံးမြို့နယ် ကိုယ်စားပြု ဝင်ရောက်ယှဥ်ပြိုင်မည် ဖြစ်ကြောင်း UEC ၏ ထုတ်ပြန်ချက်အရသိရသည်။