မြန်မာနိုင်ငံဘက်က ပစ်ခတ်သည့် သေနတ်ကျည်ဆန်များသည် ထိုင်နိုင်ငံဘက်ခြမ်းရှိ နေအိမ်များကို ထိမှန်ခဲ့ပြီး အိပ်ပျော် နေသည့် အမျိုးသမီးတစ်ဦး၏ ပေါင်တွင်လည်း ကျည်ထိမှန်ကာ ဒဏ်ရာရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
မြန်မာနိုင်ငံ၊ မြဝတီဘက်ခြမ်း၊ လေးကေကော်၊ မင်းလက်ပန်ရွာဘက်တွင် စစ်အာဏာရှင်တပ်နှင့် KNU တပ်မဟာ (၆) တပ်ဖွဲ့များ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး နှစ်ဖက်စလုံးဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်သံများ ထိုင်းဘက်ခြမ်း မဲဆောက်ခရိုင်ဘက်အထိ ကြားနေရကြောင်း ဖော်ပြသည်။
ဒီဇင်ဘာလ ၂ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီဘက်က YAK-130 တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိုင်းဘက်ရှိ မယ်ကု၊ မဟာဝမ်၊ မယ်တော်နှင့် မဲဆောက်မြို့နယ်များဘက်အထိ ဗုံးကြဲသံကို ကြားနေရကြောင်း သတင်းများတွင် ဖော်ပြသည်။
ယမန်နေ့ ဒီဇင်ဘာလ ၁ ရက်နေ့ညက မြန်မာဘက်ခြမ်း တိုက်ပွဲထဲက ပစ်ခတ်လိုက်သော ကျည်ဆန်များက ထိုင်းဘက်ခြမ်းက အိမ်လေးလုံးအထိ ထိမှန်ပျက်စီးခဲ့ပြီး ရွာထဲတွင် ကျည်ဆံ ၈ တောင့်အထိ တွေ့ရကြောင်း ဆိုသည်။
အိမ်များ၏ နံရံနှင့် တိုင်များတွင် ကျည်ထိမှန်ထားသည့် အပေါက်များ ဖြစ်နေသည်ကို တွေ့ရကြောင်း ဖော်ပြသည်။
ယင်းညတွင် ထိုင်းဘက် မယ်ကုရွာရှိ နေအိမ်ပေါ် အိပ်ပျော်နေသော အသက် ၆၈ နှစ်အရွယ် ထိုင်းအမျိုးသမီးတစ်ဦး၏ ပေါင်ကို ကျည် ထိမှန်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။
ကျည်ဆန်များသည် မြန်မာဘက်ခြမ်းက တိုက်ပွဲများမှ ထွက်လာနေသဖြင့် ပြည်သူများ အထူးသတိပြုနေထိုင်ကြရန် ထိုင်းနယ်ခြားစောင့်တပ်နှင့် ရွာသူကြီးတို့က လိုက်လံသတိပေးခဲ့ရကြောင်း ဆိုသည်။
ထိုင်းအမျိုးသမီးသည် အိမ်ပေါ်တွင် တီဗီကြည့်နေစဉ် သေနတ်ပစ်ခတ်သံများ ကြားရသဖြင့် အိပ်ယာပေါ်သို့ ပြောင်းရွှေ့အိပ်ခဲ့ရာ အိပ်ပျော်နေချိန် ပေါင်ကို ကျည်ထိမှန်ခဲ့ ဒဏ်ရာရရှိခဲ့ကြောင်း ပြောဆိုထားသည်။
လက်ရှိတွင် နယ်ခြားစောင့်တပ်များအပါအဝင် ထိုင်းစစ်တပ်က နယ်စပ်တစ်လျှောက်ကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေပြီး ထိုင်းအချုပ်အခြာအာဏာကို ထိန်းသိမ်းသွားမည်ဟု ပြောဆိုထားကြောင်း သတင်းများတွင် ဖော်ပြသည်။
ပြီးခဲ့သော နိုဝင်ဘာလ ၃၀ ရက်နေ့ကလည်း မြန်မာဘက်ခြမ်းက ပစ်လိုက်သော လက်နက်ကြီးက ထိုင်းဘက် ကျရောက်ပေါက်ကွဲခဲ့သဖြင့် မြန်မာရွှေ့ပြောင်းအလုပ်သမား လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။
Ref: Matichon Online, CH 7







