BREAKING
December 2, 2025

လက်နက်ကိုင်အချို့ဖမ်းသွားသော တပ်တောင်ရွာသား သုံးရက်ကြာသည်အထိ အဆက်အသွယ်မရ

December 2, 2025

မြိတ်မြို့၊တောင်ရှည်ကျေးရွာအုပ်စု၊ တပ်တောင်ရွာတွင် နေထိုင်သော အသက် ၄၀ ကျော် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်အချို့က နေအိမ်မှဖမ်းဆီးခေါ်ဆောင်သွားပြီး သုံးရက်ကြာသည်အထိ အဆက်အသွယ်မရသေးကြောင်း သိရသည်။

နိုဝင်ဘာလ ၃၀ ရက် ည ၁၂ နာရီခန့်က တပ်တောင်ရွာတွင် အမည်မသိလက်နက်ကိုင်အချို့က အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးကို နေအိမ်မှခေါ်ဆောင်သွားပြီးနောက် မိသားစုနှင့် သုံးရက်ကြာသည်အထိ ဆက်သွယ်မရသေးကြောင်း မိသားစုနှင့်နီးစပ်သူက ဆိုသည်။

“အိမ်ရှေ့ကနေ အမည်ခေါ်ပြီး လာခေါ်သွားတယ်။ ညဘက်ကြီး မှောင်နေတော့ ဘယ်သူဘယ်ဝါဆိုတာ မသိလိုက်ရဘူးလို့ သူ့မိသားစုက ပြောတယ်။ လက်နက်တွေပါလာတာတွေ့တယ်။ အခုထိတော့ ဆက်သွယ်မရသေးဘူး”ဟု အထက်ပါ နီးစပ်သူက ပြောသည်။

ဖမ်းဆီးခံရသည့် အမျိုးသားသည် မြိတ်မြို့မှ ငါးများကို ဆိုင်ကယ်ဖြင့်သယ်ယူ၍ တပ်တောင်ရွာဝန်းကျင် ပြည်ထောင်စု လမ်းမတစ်လျှောက်ရှိ စစ်အာဏာရှင်တပ်စခန်းနှင့် ရဲစခန်းများရှိ တပ်မိသားစုများနှင့် ရွာများတွင် ရောင်းချနေသူဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

အသက် ၄၀ ကျော် အမျိုးသားဖမ်းခံရပြီး နိုဝင်ဘာလ ၁ ရက်နေ့တွင် နန်းတောင်ရွာမှ စစ်အာဏာရှင်တပ်သားများသည် တပ်တောင်ရွာထိပ်တွင် ကင်းလာယူထားကြောင်း ၄င်းက ဆိုသည်။

“သူကငါးရောင်းတယ်။ သူ့အိမ်ကိုက လင်း(နံနက်)မှ စစ်သားတွေ လာသွားတယ်။ နန်းတောင်ရွာမှာရှိတဲ့ တပ်ကို သွားတိုင်ထားတယ်လို့လည်း ကြားရတယ်”ဟု အထက်ပါ ဒေသခံက ပြောသည်။

ပလုံးရွာတွင်လည်း အသက် ၄၀ ဝန်းကျင် ‌ဒေါ်မူဝင်းကို နိုဝင်ဘာလ ၂၇ ရက် နံနက် ၂ နာရီ ၃၀ မိနစ်ခန့်တွင် အမည်မသိ လက်နက်ကိုင်အချို့က နေအိမ်မှ ခေါ်ဆောင်ပြီးနောက် ကျေးရွာအနီးဝန်းကျင်ရှိ ရော်ဘာခြံအနီးတွင် ပစ်သတ်ခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။