BREAKING
December 2, 2025

ရေဖြူ၊ ဘဝါချောင်းရှိ ငါးခိုအိုင်တွင် မိုင်းခွဲဖမ်းဆီးမှုများကြောင့် ငါးရှားပါးလာဟု ဒေသခံများဆို

December 2, 2025

ရေဖြူမြို့နယ်၊ ဘဝါချောင်းတစ်လျှောက် ငါးများခိုလေ့ရှိသော ဝန်အိုင်တွင် မိုင်းခွဲငါးဖမ်းမှုများ ဆက်တိုက်လုပ်ဆောင်နေခြင်းကြောင့် ငါးပေါက်ပွားမှု ကျဆင်းလာပြီး ငါးဖမ်းဆီးရရှိမှု လျော့နည်းလာကြောင်း ဒေသခံများကပြောသည်။

ဘဝါကျေးရွာသည် ပင်လယ်ကမ်းခြေပေါက် ကျေးရွာဖြစ်ပြီး ပင်လယ်ဒီရေတက်ချိန်တွင် ငါးများမှာ ပင်လယ်ဒီရေနှင့်အတူ ဘဝါချောင်းတစ်လျှောက်လိုက်ပါလာပြီး ရေကျချိန်တွင် ဝန်အိုင်ဟုခေါ်သည့် ရေအိုင်တွင် ငါးများခိုကာ ကျက်စား၍ကျန်ရစ်ခဲ့ကြကြောင်း ဒေသခံများကပြောသည်။

အဆိုပါရေအိုင်တွင် အနည်းဆုံးငါးအမျိုးအစား ခြောက်မျိုးခန့်ရှိပြီး မြီးညှောင်ငါး၊ပုလွေငါး၊ ငါးတပေါင်း၊ငါးပါးနီ၊ ငါးနီခွီး စသည့် ငါးများမှာ အများဆုံးကျက်စားလေ့ရှိသလို အခြားငါးအမျိုးအစားလည်း ကျက်စားလျက်ရှိကြောင်း သိရသည်။

အာဏာသိမ်းပြီးသည့်နောက် ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ် ၂ နှစ်အတွင်း အဆိုပါချောင်းအတွင်းရှိ ဝန်အိုင်တွင် ဒေသအခြေစိုက် လက်နက်ကိုင်တပ်ဖွဲ့များက မိုင်းခွဲ၍ ငါးဖမ်းဆီးနေမှုများ ဆက်တိုက်လုပ်ဆောင်လာခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။

ထို့ကြောင့်ဘဝါချောင်းရှိ ယင်းအိုင်အတွင်း ငါးရှားပါးလာခဲ့ပြီး ဒေသခံများစားဝတ်နေရေးအတွက် ငါးဖမ်းဆီးရရှိမှု နည်းပါးသွားခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

“တစ်ဖွဲ့လာရင် ဂုန်နီအိတ်နှင့် ငါးအိတ်၊ခြောက်အိတ် နောက်တစ်ရက်ကြာ နောက်တစ်ဖွဲ့လာရင် ဂုန်နီအိတ်နဲ့ ငါးအိတ်၊ခြောက်အိတ်၊ မိုင်းခွဲတဲ့အခါ စားလိုရတဲ့ ငါးက သုံးအိတ်လောက်ရရင် မျိုးပွားနိုင်တဲ့ ငါးနဲ့ စားလို့မရတဲ့ ငါးက နှစ်အိတ်လောက် သေတယ်။ မိုင်းခွဲပြီးရင် ငါးရှားလာတယ်။ အခုနောက်ပိုင်း ငါးမိုင်းခွဲတာတွေ တော်တော် ဆိုးလာတယ်”ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ရာသီဥတု ဆိုးရွားသည့် အခြေအနေမျိုးတွင် ဒေသခံများသည် ယင်းအိုင်အတွင်းရှိ ငါးများကို သမားရိုးကျနည်းလမ်းဖြင့်သာ ဖမ်းဆီးပြီး ဝမ်းစာရှာကြရသလို၊ လက်လုပ်လက်စားနှင့် သက်ကြီးဒေသခံများကလည်း အဆိုပါအိုင်အတွင်းရှိ ငါးများကိုဖမ်းဆီးပြီး စားဝတ်နေရေး ဖြေရှင်းရလေ့ရှိဟုဆိုသည်။

အာဏာသိမ်းပြီးစ ၁ နှစ်၊ ၂ နှစ်အတွင်း အဆိုပါရေအိုင်အတွင်း ငါးမိုင်းခွဲ ခြင်း၊ငါးရှော့တိုက်ခြင်း၊ ဆေးခတ်ပြီးဖမ်းဆီးခြင်းများကို သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အချို့က တားမြစ်ထားသော်လည်း လက်ရှိတွင် ၎င်းတို့ကိုယ်တိုင် လုပ်ဆောင်နေသည်ဟု အမည်မဖော်လိုသည့် ဒေသခံနောက်တစ်ဦးက ပြောသည်။

“သူတို့ကိုယ်တိုင် လုပ်နေကြတဲ့အခါကျတော့ ရွာသားတွေ ဘယ်သူမှလည်း မပြောရဲကြဘူး”ဟု ယင်းအမျိုးသားက ပြောသည်။

အဆိုပါငါးမိုင်းခွဲခြင်းကိစ္စနှင့်ပတ်သက်ပြီး ရေဖြူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဆက်သွယ်မေးမြန်းထားခဲ့သော်လည်း ယနေ့အထိ ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

အဆိုပါငါးမိုင်းခွဲခြင်းကိစ္စနှင့်ပတ်သက်၍ တော်လှန်ရေးတပ်ဖွဲ့အချို့၏ ထောက်ပံ့ရေး ရဲဘော်အချို့ကမူ ဒေသတွင်းတပ်ဖွဲ့အများစုမှာ ကိုယ်တိုင်ငါးဖမ်းဆီးခြင်းများကို လုပ်ဆောင်လေ့မရှိဟုဆိုသည်။

တပ်ဖွဲ့ရိက္ခာအတွက်လိုပါက ထောက်ပို့များမှတစ်ဆင့်သာ ပင်လယ်ငါးဖမ်းလုပ်ငန်း လုပ်သူများထံမှ အလှူခံလေ့ရှိသည်ဟု ထောက်ပို့တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

“ဒေသခံတွေအနေနဲ့ကလည်း လက်နက်ကိုင်တပ်ဖွဲ့ဆိုပြီး ကြောက်နေကြဖို့မလိုဘူး။ လာလုပ်တဲ့အချိန် တားမြစ်သင့်တာ တားမြစ်ကြဖို့လိုတယ်။ တစ်ချို့အဖွဲ့တွေက အလှူခံရမှာစိုးလို့ ကိုယ်တိုင်ဖမ်းတာမျိုး ဖြစ်ချင်ဖြစ်မှာပေါ့လေ။ သေချာတာက ရောင်းဖို့တော့ မဟုတ်ဘူး။ တပ်ဖွဲက စားဖို့ပါပဲ၊ စားဖို့လုပ်တယ်ဆိုပေမဲ့ လုပ်နည်းကမှားနေတော့ တာဝန်ရှိတဲ့ သူတွေကလည်း တားဆီးဖို့လိုပါတယ်”ဟု အထက်ပါ ထောက်ပို့ရဲဘော်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အစိုးရ လက်ထက်တွင်လည်း အဆိုပါရေအိုင်အတွင်း ငါးမိုင်းခွဲခြင်း၊ ရှော့တိုက်ငါးဖမ်းခြင်းနှင့် ငါးဆေးခတ်ခြင်းများကို ကန့်သတ်ထားခဲ့ကြောင်း ဒေသခံများကပြောသည်။

ထားဝယ်မြို့နယ်အတွင်းရှိ မြစ်ချောင်း၊ အင်း၊ အိုင်များအတွင်းရှိ ရေနေသတ္တဝါများကို သဘာဝမဟုတ်သည့် နည်းလမ်းများဖြင့် ဖမ်းဆီးခြင်း မပြုလုပ်ကြရန် ထားဝယ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တားမြစ်ထားသည်။

ရေနေသတ္တဝါများကို ‌လျှပ်စစ်ဖြင့် ရှော့တိုက်ဖမ်းဆီးခြင်း၊ မိုင်းခွဲ၊ အဆိပ်ခတ်ဖမ်းဆီးခြင်း စသည့် သဘာဝနည်း မဟုတ်သည့် ငါးဖမ်းနည်းများဖြင့် ဖမ်းဆီးခြင်းမပြုကြရန် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်‌ ရက်စွဲဖြင့် ဒေသန္တရအမိန့် ထုတ်ပြန်တားမြစ်ထားသည်။

သဘာဝမဟုတ်သည့် နည်းလမ်းဖြင့် ဖမ်းဆီးခြင်းကြောင့် တောတောင်ရေမြေ သဘာဝပတ်ဝန်းကျင် ယိုယွင်းပြီး ဂေဟစနစ်လည်းပျက်စီးစေသည့်အတွက် တားမြစ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တားမြစ်ထားသည့်နည်းလမ်းများဖြင့် ရေနေသတ္တဝါများ ဖမ်းဆီးသည်ကိုတွေ့ရှိပါက တိုင်ကြားရန်လည်း တောင်းဆိုထားပြီး စစ်ဆေးအရေးယူမည့်အစီအမံကိုလည်း ထားဝယ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

အာဏာသိမ်းပြီးနောက် ၂၀၂၄ ခုနှစ်မှစပြီး ဘဝါချောင်းနှင့် ဘဝါကမ်းခြေ ပင်လယ်ဆုံရာ ဒေသအခေါ်ဝန်အိုင်အတွင်း ငါးမိုင်းခွဲ၍ ငါးဖမ်းဆီးခြင်းများ ပိုဆိုးလာခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ဒေသခံ အကျိုးစီးပွားအတွက် ငါးမျိုးစိတ်များ မပျောက်ပျက် မပျက်စီးအောင် မိုင်းခွဲ၍ ငါးဖမ်းဆီးခြင်းကို ရပ်တန့်ပေးစေလိုပြီး သမရိုးကျနည်းဖြင့်သာ ငါးဖမ်းဆီးစေလိုကြောင်း ဒေသခံများကဆိုသည်။