မြန်မာစစ်အုပ်စုထံ ရန်ပုံငွေထောက်ပံ့မှု ဖြတ်တောက်ရန် ရည်ရွယ်သည့် ဥပဒေကြမ်းတစ်ခုကို အမေရိကန်အောက်လွှတ်တော်က ဒီဇင်ဘာလ ၁ ရက်နေ့တွင် အတည်ပြုလိုက်သည်။
မြန်မာနိုင်ငံအတွက် ရန်ပုံငွေအသစ် မပေးရေးအက်ဥပဒေ (H.R. 4423 – No New Burma Funds Act) ဟု အမည်ပေးထားသည့် အဆိုပါဥပဒေကြမ်းအား ထောက်ခံမဲ ၃၈၅ မဲ၊ ကြားနေမဲ ၄၆ မဲနှင့် ကန့်ကွက်သူမရှိ အတည်ပြုနိုင်ခဲ့သည်။
ယင်းဥပဒေအား ဂျော်ဂျီယာပြည်နယ် ဒီမိုကရက်တစ်ပါတီ အောက်လွှတ်တော်အမတ် Nikema Williams နှင့် တောင်ကယ်လီဖိုးနီးယားပြည်နယ် ရီပတ်ဘလင်ကန်ပါတီ အောက်လွှတ်တော်အမတ် Young Kim တို့က ယခုနှစ်အတွင်း ပူးတွဲတင်သွင်းခဲ့ခြင်း ဖြစ်သည်။
ယင်းဥပဒေအရ ကမ္ဘာ့ဘဏ်ရှိ အမေရိကန်အမှုဆောင်ဒါရိုက်တာအနေဖြင့် မြန်မာစစ်အုပ်စုထံ ရန်ပုံငွေထောက်ပံ့မှု ပိတ်ပင်ရေးကို ဆက်လက်လုပ်ဆောင်ရန် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ညွှန်ကြားခွင့် ရှိလာသည်။
ကမ္ဘာ့ဘဏ်မှတစ်ဆင့် မြန်မာစစ်အုပ်စုထံ ရန်ပုံငွေထောက်ပံ့နေမှုကို ရပ်တန့်ရန် ယင်းဥပဒေက ရည်ရွယ်သည်။
နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများမှ စစ်အုပ်စုထံငွေလွှဲပြောင်းမှုများ ပိတ်ဆို့နိုင်မည့်အချက်များ ယင်းဥပဒေတွင် ပါဝင်ကြောင်း သိရသည်။
ဥပဒေ၏ အဓိကရည်ရွယ်ချက်မှာ ကမ္ဘာ့ဘဏ်မှတစ်ဆင့် မြန်မာနိုင်ငံသို့ ဘဏ္ဍာရေးဆိုင်ရာ ကတိကဝတ်အသစ်များ၊ ငွေကြေးထုတ်ပေးမှုများတွင် အမေရိကန်အစိုးရက ပါဝင်မှု မရှိစေရေး သေချာစေရန် ဖြစ်သည်။
ယင်းသို့ မြန်မာစစ်အုပ်စုထံသို့ ရန်ပုံငွေထောက်ပံ့မှု ရပ်ဆိုင်းမှုသည် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုနောက်ပိုင်း ချမှတ်ခဲ့သော အမေရိကန်အစိုးရ အရေးယူဆောင်ရွက်မှုများ၏ နောက်ဆက်တွဲ ဖြစ်ကြောင်း ဖော်ပြသည်။
မြန်မာနိုင်ငံတွင် အဓိပ္ပာယ်ရှိသော အပြောင်းအလဲနှင့် ဒီမိုကရေစီတန်ဖိုးများ ပြန်လည်ရရှိပြီဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက အသိအမှတ်ပြုသည်အထိ ရန်ပုံငွေထောက်ပံ့မှုများ ဆိုင်းငံ့ထားရမည်ဖြစ်ကြောင်း ဥပဒေကြမ်းအား ပူးတွဲတင်သွင်းခဲ့သူ ရီပတ်ဘလင်ကန်အောက်လွှတ်တော်အမတ် Young Kim က ပြောသည်။







