BREAKING
December 2, 2025

လောင်းလုံးကျေးရွာအချို့တွင် ဝက်များသေဆုံးမှုများနေပြီး ဝက်သေများ စျေးပေါပေါဖြင့်ရောင်း

December 2, 2025

လောင်းလုံးမြို့နယ်၊ ကျေးရွာအချို့ရှိ ဝက်များတွင် ကူးစက်ရောဂါ ကျရောက်နေသဖြင့် ဝက်သေဆုံးမှုများပြားနေကြောင်း ဝက်မွေးမြူရေး လုပ်ငန်းလုပ်နေသူများထံမှ သိရသည်။

ဝက်များတွင် နှာရည်ယိုခြင်း၊ ငေးမှိုင်ခြင်း၊ အစာမစားတော့ခြင်း၊ နားရွက်အဖျားနီခြင်း၊ အမည်းရောင် အညိုရောင်အကွက်များထွက်ခြင်း စသည့်လက္ခဏာများဖြင့် သေဆုံးကြခြင်းဖြစ်ကြောင်း မွေးမြူရေးလုပ်ကိုင်နေသူများက ပြောသည်။

“တစ်ခါသေရင် လေးငါးကောင်၊ လေးငါးကောင် နေ့တိုင်းသေတာ” ဟု လေးသွန်းခံကျေးရွာက ဝက်မွေးမြူရေးသမားတစ်ဦးက ပြောသည်။

ဝက်များအား ဆေးလိုက်ထိုးပေးနေသူတစ်ဦးကမူ လောင်းလုံးမြို့နယ်တွင် ယခုဖြစ်ပွားနေသော ဝက်ကူးစက်ရောဂါမှာ အာဖရိကဝက်အပြင်းဖျားရောဂါဖြစ်ကြောင်း ပြောဆိုသည်။

နိုဝင်ဘာလ အစပိုင်းကတည်းက ယင်း‌ကူးစက်ရောဂါမှာ လောင်းလုံးမြို့နယ် အောက်ဘက်ကျေးရွာများတွင် စတင်ဖြစ်ပွားနေခြင်းဖြစ်ပြီး နိုဝင်ဘာလယ်ပိုင်းတွင် ဝက်သေဆုံးမှု အလွန်များပြားခဲ့ကြောင်း ၎င်းကပြောသည်။

လောင်းလုံးမြို့အနီး ကညုံကျွန်း၊ လေးသွန်းခံကျေးရွာတို့မှ သကျက်တောကျေးရွာများအထိ ဝက်များကို လိုက်လံဆေးထိုးနှံပေးနေရသည်ဟုလည်း ၎င်းကဆိုသည်။

“လောင်းလုံးအောက်ဖက်ရွာတွေက ‌ကာကွယ်ဆေးသုံးတာလည်း အားနည်းတော့ တစ်ရွာဖြစ်တာနဲ့ တခြားရွာတွေပါလိုက်ပြီး ကူးကုန်လို့အဖြစ်များသွားတာ။ အထက်ဖက်ရွာတွေမှာတော့ ရောဂါဖြစ်ပေမယ့် အောက်ဖက်ရွာတွေလောက်မများဘူး” ဟု ဝက်ကာကွယ်ဆေးထိုနှံပေးသူက ပြောသည်။

ထိုကဲ့သို့ ကူးစက်ရောဂါဖြင့် သေဆုံးသွားသည့် ဝက်များကိုပေါ်ပြီး ဈေးကွက်ထဲသို့ ရောင်းချမှုများလည်းရှိနေကြောင်း စုံစမ်းသိရှိရသည်။

လောင်းလုံးမြို့နယ်တွင် ဝက်သားတစ်ပိဿာ ကျပ်လေးသောင်းငါးထောင် ဈေးပေါက်နေချိန် ကူးစက်ရောဂါကြောင့် သေဆုံးဝက်များကိုမူ တစ်ပိဿာ တစ်သောင်းငါးထောင်ကျပ်ဖြင့် ရောင်းချနေကြောင်း သိရသည်။

အာဖရိက ဝက်အပြင်းဖျားရောဂါမှာ လူများကို ကူးစက်နိုင်ခြေမရှိဟု ထုတ်ပြန်ချက်များတွင် ပါရှိသော်လည်း ရောဂါဖြင့်သေဆုံးသည့် ဝက်များအား လှီးဖြတ်ခြင်း၊ ရောင်းချခြင်း၊ တစ်နေရာမှတစ်နေရာသို့ သယ်ဆောင်ခြင်း၊ စားသုံးခြင်းတို့ မလုပ်ဆောင်ရန် အထူးသတိပေးထားသည်။

ကူးစက်ရောဂါဖြစ်ပွားနေသည့် ဝက်မွေးမြူရေးခြံများထဲသို့ အဝင်အထွက်လုပ်ခြင်းကို ကန့်သတ်ပြီး မွေးမြုရေးခြံအားလည်း ပိုသတ်ဆေးဖြန်းခြင်းများ မဖြစ်မနေ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ကျန်းမာရေးဌာနက ထုတ်ပြန်ထားသည်။

အာဖရိကဝက်အပြင်းဖျားရောဂါမှာ အချိန်မီထိန်းချုပ်ရမည့် ရောဂါအမျိုးအစားဖြစ်ပြီး စနစ်တကျမထိန်းချုပ်နိုင်ပါက ကူးစက်ရောဂါ ပိုမိုဖြစ်ပွားလာနိုင်ကြောင်းလည်း သတိပေးထားသည်။

လတ်တလောတွင်မူ လောင်းလုံးမြို့နယ်တွင် ဝက်များရောဂါ ကူးစက်ပျံ့နှံ့ပြီး သေဆုံးမှုများနေသော်လည်း မည်သည့်ရောဂါဖြင့် သေဆုံးသည်ကို မသိရှိကြသလို စနစ်တကျ ထိန်ချုပ်ခြင်းမရှိဘဲ မွေးမြူရေးသမားတို့က တစ်ဦးချင်းဆေးထိုး၊ ဆေးကုမှုများသာ ပြုလုပ်နေကြကြောင်း စုံစမ်းသိရှိရသည်။

အာဖရိကဝက်အပြင်းဖျားရောဂါသည် ၁၉၀၇ ခုနှစ်တွင် အာဖရိကတိုက် ကင်ညာနိုင်ငံတွင် စတင်ဖြစ်ပွားခဲ့ပြီး ၂၀၁၈ ခုနှစ်တွင်မူ တရုတ်နိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံသို့ ကူးစက်ပျံ့နှံ့လာခြင်း ဖြစ်သည်။

၂၀၁၉ ခုနှစ်တွင် အာဖရိက ဝက်အပြင်းဖျားရောဂါ ဖြစ်ပွားမှုများရှိသဖြင့် ပြည်ပနိုင်ငံအချို့က မြန်မာနိုင်ငံမှ ဝက်များတင်ပို့ခွင့်ကို ပိတ်ပင်မှုများရှိခဲ့သည်။

အာဖရိက ဝက်အပြင်းဖျား ရောဂါမှာ ကူးစက်မြန်ကာ ဝက်များကို သေဆုံးနိုင်စေပြီး ပျောက်ကင်းအောင် ကုသနိုင်သည့် ဆေးမရှိသေးကြောင်း၊ ရောဂါမပျံ့ပွားစေရန်အတွက် ဝက်များကို သုတ်သင်ရှင်းလင်းသည့် နည်းလမ်းသာရှိသေးကြောင်း သိရှိရသည်။