BREAKING
December 2, 2025

ထိုင်ဝမ်လုံခြုံရေးအတွက် အလျှော့အတင်း မရှိကြောင်း သမ္မတပြော

December 2, 2025

ထိုင်ဝမ်၏ လုံခြုံရေးနှင့် ပတ်သက်လာလျှင် အလျှော့အတင်း အပေးအယူ လုပ်ရန် မရှိကြောင်း ထိုင်ဝမ်သမ္မတ Lai Ching-te က ယနေ့ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ထိုင်ဝမ်စစ်တပ် အရန်တပ်ဖွဲ့ဝင်များအား ပြောကြားခဲ့သည်။

ထိုင်ဝမ်တွင် လွတ်လပ်မှုနှင့် ဒီမိုကရေစီသည် ဝိဝါဒကွဲပြားရန် မလိုသည့် အခြေခံအကျဆုံး အနှစ်သာရတန်ဖိုးများ ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

“အမျိုးသားလုံခြုံရေးအတွက် အလျှော့အတင်း အပေးအယူလုပ်စရာ နေရာ လုံးဝမရှိပါဘူး။ အမျိုးသား အချုပ်အခြာ အာဏာနဲ့ လွတ်လပ်မှု၊ ဒီမိုကရေစီတို့ရဲ့ အနှစ်သာရတန်ဖိုးတွေဟာ ကျွန်တော်တို့နိုင်ငံရဲ့ အခြေခံအုတ်မြစ်တွေပဲ ဖြစ်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။

“ဒါတွေဟာ အတွေးအခေါ်ပိုင်းအရ အငြင်းပွားစရာ မလိုတဲ့ ထိုင်ဝမ်ပြည်သူအားလုံးရဲ့ ဘုံရပ်တည်ချက်ပဲ ဖြစ်ပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

တရုတ်၏ စစ်ရေးခြိမ်းခြောက်မှု ကြီးထွားလာနေသည်ကို ကာကွယ်ရန် အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံတန်ကြေးရှိ ထပ်ဆောင်းကာကွယ်ရေးဘတ်ဂျက်ကို သမ္မတ Lai က ပြီးခဲ့သည့်အပတ်တွင် အတည်ပြုကြေညာခဲ့သည်။

ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်သည့် ထိုင်ဝမ်အား တရုတ်က ၎င်းတို့ ပိုင်နက်အဖြစ် သတ်မှတ်ထားသည်။

တရုတ်၏ အတင်းအဓမ္မဖိအားပေးမှုနှင့် အနှောင့်အယှက်ပေးမှုများကို ရင်ဆိုင်ရချိန်တွင် ထိုင်ဝမ်အစိုးရအနေဖြင့် ကာကွယ်ရေးအတွက် ပိုမိုသုံးစွဲရမည်ဖြစ်ပြီး အဆိုးဆုံးအခြေအနေများအတွက်လည်း ပိုမိုကောင်းမွန်စွာ ပြင်ဆင်ထားရမည် ဖြစ်ကြောင်း သမ္မတ Lai က ဆိုသည်။

ထိုင်ဝမ်သည် စစ်မှန်သော ငြိမ်းချမ်းရေးကို ရရှိရန်အတွက် အင်အားကို မဖြစ်မနေ အားကိုးရမည် ဖြစ်ကြောင်းလည်း သမ္မတ Lai က ဖြည့်စွက်ပြောကြားခဲ့သည်။

Source: Reuters