BREAKING
December 2, 2025

ထားဝယ် ရှင်မုတ္ထီးရွာဝန်းကျင်တွင် စစ်အာဏာရှင်တပ် အင်အားရာချီ တပ်ဖြန့်နေရာယူ၊ လူငယ်ငါးဦးကို ဖမ်းစစ်

December 2, 2025

ပုံစာ - ရှင်မုတ္ထီးဘုရား အဝင်မုခ်ဦး (ပုံဟောင်း) ။ ဓာတ်ပုံ - Mar cho

ထားဝယ်မြို့နယ်၊ ရှင်မုတ္ထီးရွာသို့ ယမန်နေ့ ဒီဇင်ဘာလ ၁ ရက် နံနက်ပိုင်းတွင် စစ်အာဏာရှင်တပ်သားများ ခြေလျင် စစ်ကြောင်းအပြင် စစ်ကားနှစ်စီးဖြင့် ရောက်ရှိလာပြီး ရွာသားငါးဦးကို ဖမ်းဆီးစစ်ဆေးကြောင်း ရွာသားများထံမှသိရသည်။

စစ်အာဏာရှင်တပ် စတင်ဝင်ရောက်လာချိန် တွေ့ရှိသည့် လူငယ်ငါးဦးကို ဖမ်းဆီးခြင်းဖြစ်ကြောင်း ရွာသားများထံမှ သိရသည်။

“သူတို့ (စစ်အာဏာရှင်တပ်) လာတာနဲ့တိုးလို့ ကွမ်းယာဆိုင်မှာရှိနေတဲ့ ကလေးငါးယောက်ကို ဖမ်းတာ။ ဆယ်ကျော်သက် လေးတွေပဲ။ ပန်းရံအဖွဲ့က လူတွေပါ” ဟု ရှင်မုတ္ထီးရွာသားတစ်ဦးက ပြောသည်။

၎င်းတို့ငါးဦးကို ရှင်မုတ္ထီးဘုရားကြီးဝင်းအတွင်း၌ စစ်ဆေးပြီးနောက် မိဘများခေါ်ယူကာ ဒီဇင်ဘာလ ၁ ရက် ညနေပိုင်းတွင် ပြန်လွှတ်လိုက်ကြောင်း ၎င်းက ဆိုသည်။

စစ်အာဏာရှင်တပ်သားများသည် အင်အားရာဂဏန်းခန့်ရှိပြီး ဒီဇင်ဘာလ ၁ရက် တစ်ရက်လုံး ရှင်မုတ္ထီးဘုရားကြီးဝင်း အတွင်း တပ်စွဲနေထိုင်ခဲ့ကြောင်း ရွာသားများက ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၂ရက်တွင်မူ ရှင်မုတ္ထီးရွာ လှည်းကြောတောနေရာရှိ လူနေအိမ်များတွင် နေရာယူထားကြောင်း ရွာသားများထံမှ သိရသည်။

“လူမနေတဲ့အိမ်တွေမှာ နေရာယူထားတယ်။ သုံးထပ်တိုက်၊ နှစ်ထပ်တိုက်တွေမှာတော့ ရှိနေတယ်။ မနေ့က (ဒီဇင်ဘာ ၁ ရက်) ရုတ်တရက်ရောက်လာတော့ အားလုံးလန့်ပြီး အသွားအလားတော့ တိတ်ဆိတ်သွားတယ်။ ဒီနေ့တော့ နည်းနည်း ပြန်သွားလာနေကြပြီ” ဟု ရှင်မုတ္ထီးရွာခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း၌မူ ရှင်မုတ္ထီးရွာဝန်းကျင်တွင် ပစ်ခတ်တိုက်ခိုက်မှု မရှိကြောင်း ရွာသားများက ဆိုသည်။

စစ်အာဏာရှင်တပ်သား အင်အားအများအပြားများသည် မည်သည့်အကြောင်းအရင်းကြောင့် ရှင်မုတ္ထီးရွာသို့ ရောက်ရှိလာသည်ကိုမူ မသိရသေးပေ။

ပြီးခဲ့သည့် နိုဝင်ဘာလ ၇ရက်ကလည်း စစ်အာဏာရှင်တပ်သားများ ရှင်မုတ္ထီးရွာသားသို့ ရောက်ရှိလာပြီး ရပ်ကွက်တစ်ခုတွင် မှတ်တမ်းဓာတ်ပုံများ ရိုက်ယူကာ လူဦးရေစာရင်းကောက်ယူသွားသေးသည်။

ရှင်မုတ္ထီးရွာသည် ရှင်ကိုးရှင် စာရင်းဝင် ရှင်မုတ္ထီးဘုရားတည်ရှိသည့် မြိတ်-ထားဝယ်ကားလမ်းပေါ်ရှိ ကျေးရွာကြီး တစ်ရွာဖြစ်သည်။