ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် မြန်မာနိုင်ငံသို့ ပို့ဆောင်မည့် RPG နှင့် လက်နက်ကြီးတွင် အသုံးပြုသည့် ကျည်ဆန်များ ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
အောက်တိုဘာလ ၂ ရက် ညနေပိုင်းက မယ့်လမောင်းဒေသရှိ စစ်ဆေးရေးဂိတ်တွင် မသင်္ကာဖွယ်ရာ အိမ်စီးကားတစ်စီးကို ရှာဖွေစစ်ဆေးခဲ့ရာမှယင်းသို့ ဖမ်းမိခြင်းဖြစ်ကြောင်း ဖော်ပြသည်။
လက်နက်ပစ္စည်းများနှင့်အတူ ကားပေါ်လိုက်ပါလာသော ကားသမားအပါအဝင် ထိုင်းနိုင်ငံသား ၂ ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။
လက်နက်ပစ္စည်းများကို ကားအနောက်ခန်းရှိ အိတ်များထဲတွင် ထည့်ထားသည်ကို တွေ့ရှိခဲ့ကြောင်း ဆိုသည်။
ဖမ်းဆီးရမိရာတွင် RPG ကျည်များ၊ လက်နက်ကြီးကျည်များ၊ RPG ပို့ယမ်းတောင့်များ ပါဝင်ကြောင်း ဖော်ပြသည်။






ကားသမားနှစ်ဦးသည် စီစကက်ခရိုင်မှ မောင်းနှင်လာပြီး လက်နက်များကို မဲဆောက်ခရိုင်ထဲရှိ အခြားဒေသသို့ ပို့ဆောင်စဉ် ဖမ်းဆီးခံရကြောင်း သတင်းများတွင် ဖော်ပြသည်။
ဖမ်းဆီးရမိသော လက်နက်ပစ္စည်းများသည် မြန်မာဘက်ခြမ်းက တော်လှန်ရေးအဖွဲ့များထံ ပို့ဆောင်မည်ဟု ယုံကြည်ရကြောင်း ထိုင်းနယ်ခြားစောင့်တပ်၏ ပြောကြားချက်ကို ဖော်ပြသည်။
လက်ရှိတွင် ဖမ်းဆီးခံရသော ထိုင်းနိုင်ငံသားနှစ်ဦးကို ဖဝေါရဲစခန်းသို့ ပို့ဆောင်ထားပြီး လက်နက်ခဲယမ်း ပို့ဆောင်နေသော ကွင်းဆက်ကို ဆက်လက်စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။
Ref: PPTV Hd, Thai PBS, CH 7







