မြိတ်မြို၊နာရီစင်အနီး လမ်းဘေးပလက်ဖောင်းတွင် ယနေ့ (အောက်တိုဘာ ၂) မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်က ဦးခေါင်းကွဲဒဏ်ရာဖြင့် လဲကျသတိမေ့နေသူတစ်ဦး မိသားစုနှင့်ဆက်သွယ် မရသေးကြောင်း ချစ်ကြည်ရေးပရဟိတအဖွဲ့ထံမှ သိရသည်။
လဲကျသတိမေ့နေသူမှာ အသက် ၄၀ ဝန်းကျင်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး ညာဖက်မျက်ခုံးအပေါ် ပိုင်း ဦးခေါင်းကွဲဒဏ်ရာဖြင့် လဲကျကာ သတိမေ့နေခြင်းဖြစ်ကြောင်း ချစ်ကြည်ရေးပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည် ။
“သူကခြေထောက်တစ်ဖက် ဖြတ်ထားတယ်။ မြိတ်မြိုခံတစ်ယောက်လို့တော့ သိရတယ်။ ယာဉ်တစ်မျိုးမျိုးနဲ့ တိုက်မိတာမျိုးမဟုတ်ဘူး။ သူ့ဘာသာသူ လဲကျတာလို့တော့သိရတယ်”ဟု အထက်ပါအဖွဲ့ တာဝန်ရှိသူ အမျိုးသားကပြောသည်။
ဦးခေါင်းကွဲဒဏ်ရာဖြင့်လဲကျပြီး သတိမေ့နေသူအမျိုးသားမှာ ယနေ့ အအောက်တိုဘာလ ၂ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်အထိ သတိမေ့နေဆဲဖြစ်ပြီး မိသားစုနှင့် အဆက်အသွယ်မရရှိသေးကြောင်း ယင်းအဖွဲ့ထံမှသိရသည်။
ယင်းအမျိုးသားကို ချစ်ကြည်ရေးပရဟိတအသင်းမှ မြိတ်ပြည်သူဆေးရုံကြီး၏ အရေးပေါ်ဌာနသို့ ပို့ဆောင်ကုသနေသော်လည်း ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရခြင်းကြောင့် လူနာအမျိုးသားကို သိရှိသူများနှင့် မိသားစုဝင်များ ချစ်ကြည်ရေးပရဟိတအသင်း မြိတ်ထံဆက်သွယ်ပေးကြရန်လည်း တောင်းဆိုထားသည်။







