ပုလောမြို့နယ်၊ ပလမြို့၊ မင်းပြင်ရွာကို စစ်အာဏာရှင်တပ်က အောက်တိုဘာ ၂ ရက် နေ့လယ်ပိုင်းတွင် ဂျက်ဖိုက်တာတစ်စင်းဖြင့် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ပြီး ပိုင့်ဖိုက်စက်သေနတ်ဖြင့်လည်း ပစ်ခတ်သွားကြောင်း မြိတ်ခရိုင်အမှတ်(၁) တပ်ရင်းထံက သိရသည်။
ပလမြို့ပေါ်နှင့် မင်းပြင်ရွာအပါအဝင် အနီးဝန်းကျင်ရွာများတွင် စစ်အာဏာရှင်တပ်စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲများ နေ့စဉ်နီးပါးဖြစ်ပွားနေသည်မှာ နှစ်လကျော်လာပြီဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့က တာဝန်ရှိသူအချို့နှင့် ဒေသခံအချို့က ပြောသည်။
တိုက်ပွဲကာလ နှစ်လခန့်အတွင်း စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် အကြိမ်ရေ ၃၀ ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင်အမှတ်(၁) တပ်ရင်း တပ်ရင်းမှူး ဗိုလ်ပျားက ပြောသည်။
“ဒီတစ်ပတ်ထဲမှာ လေယာဉ်နဲ့ဗုံးလာကြဲတာမရှိဘူး၊ ဒီနေ့မှလာကြဲတာ၊ ကျန်ရက်တွေမှာတုန်းက ထိတွေ့မှုပဲဖြစ်တယ်။ လေယာဉ်နဲ့ဗုံးမကြဲဘူး။ ထိခိုက်မှုတော့မရှိပါဘူး” ဟု တပ်ရင်းမှူးက ဆိုသည်။
လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ပြီးနောက် စစ်အာဏာရှင်တပ်က မင်းပြင်ရွာဘက်ကို စစ်ကြောင်းထိုးလာသဖြင့် နှစ်ဖက်တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေသည်ဟု ၎င်းက ဆိုသည်။
နှစ်ဖက်တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ပလမြို့ခံပြည်သူများနှင့် မင်းပြင်ရွာအပါအဝင် အနီးဝန်းကျင်က ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။
“တိုက်ပွဲကတော့ နေ့တိုင်းလိုလိုဖြစ်နေတာရှိတယ်၊ ဒီနေ့မနက်မှာတော့ တိုက်ပွဲမဖြစ်ဘဲ လေယာဉ်နဲ့ ဗုံးလာကြဲတာ၊ ပြီးမှ စစ်ကြောင်းထိုးလာတယ်၊ ထိခိုက်မှုရှိတယ်လို့တော့ကြားတယ်၊ သေသေချာချာတော့မသိဘူး” ဟု ပုလောမြို့က ဒေသခံတစ်ဦးက ပြောသည်။
စစ်မှုထမ်းတပ်သားသစ်များကို အတင်းအဓမ္မ စစ်သင်တန်းပေးနေသည့် ပလောက် လေ့ကျင့်ရေး သင်တန်းကျောင်းရှိသည့် ပလမြို့ပေါ်တွင် စစ်အာဏာရှင်တပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ ဇူလိုင်လတည်းက နှစ်ဖက်တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။
စစ်အာဏာရှင်တပ်စစ်ကြောင်းသည် ရွေးကောက်ပွဲကျင်းပနိုင်ရန်နှင့် ပြည်ထောင်စုလမ်းမကြီးကို ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ရန်အတွက် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်ဟု မြိတ်ခရိုင် အမှတ်(၁)တပ်ရင်း တပ်ရင်းမှူး ဗိုလ်ပျား ကဆိုသည်။