မြန်မာ့ပန်းချီလောက၏ အထင်ကရာ ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ပန်းချီဆရာကြီး ဦးလွန်းကြွယ်သည် အောက်တိုဘာလ ၂ ရက် နံနက်ပိုင်းက လူကြီးရောဂါဖြင့် ကွယ်လွန်ကြောင်း မိသားစုနှင့် မြန်မာနိုင်ငံရိုးရာပန်းပညာရှင်များအစည်းအရုံး ထံမှ သိရသည်။
ဆရာကြီး ဦးလွန်းကြွယ်သည် မြန်မာနိုင်ငံ ရိုးရာပန်းပညာရှင်များ အစည်းအရုံး၏ နာယကတစ်ဦးလည်းဖြစ်သည်။
ကွယ်လွန်ချိန်တွင် အသက် ၉၆ နှစ်ရှိပြီဖြစ်ပြီး စျာပနကို ယနေ့ အောက်တိုဘာလ ၂ ရက်တွင်ပင် နေ့ချင်း စီစဥ်သွားမည်ဟု မိသားစုက ပြည်တွင်းသတင်းဌာနများတွင် ပြောဆိုထားသည်။
ဦးလွန်းကြွယ်သည် ၁၉၅၈ ခုနှစ်မှ ၁၉၇၉ ခုနှစ်အထိ ရန်ကုန် ပန်းချီ၊ ပန်းပု သင်တန်းကျောင်းတွင် နည်းပြအဖြစ် လည်းကောင်း၊ ၁၉၇၇ ခုနှစ် မှ ၁၉၇၉ ခုနှစ်အထိ ကျောင်းအုပ်အဖြစ်လည်းကောင်း တာဝန်ထမ်းခဲ့သူဖြစ်သည်။ ရန်ကုန်တက္ကသိုလ်ပန်းချီအသင်းတွင်လည်း ပန်းချီသင်ကြားခဲ့သည်။
ဆရာကြီး၏ တပည့်ဖြစ်သူ ထားဝယ်ဒေသခံ ပန်းချီဆရာ ကရဝိက်ဦးလှရွှေက “ဆရာကြီး ဦးလွန်းကြွယ် ကွယ်လွန် သွားတာက မြန်မာ့ပန်းချီလောကမှာ တန်ဖိုးကြီးမားတဲ့ ပစ္စည်းတစ်ခု ဆုံးရှုံးလိုက်ရတာနဲ့တူတယ် ။ တပည့်တစ်ယောက်အနေနဲ့ကတော့ ဝမ်းနည်းတာပေါ့” ဟု ဝမ်းနည်းစကား ဆိုသည်။
ပန်းချီလက်ရာပေါင်းများစွာကို ဖန်တီးကာ ပြည်တွင်းပြည်ပ ပန်းချီပြပွဲများပြသခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် အမျိုးသားယဥ်ကျေးမှု နှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) က ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ချီးမြှင့်ခဲ့သည်။