မြိတ်မြို့နယ်၊ တုံးဗျောကြီးကျေးရွာ ရွာဟောင်းဘက်သို့ စစ်အာဏာရှင်တပ်သားများ စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများ၊ တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
တုံးဗျောကြီးရွာရှိ စစ်အာဏာရှင်တပ်ဖွဲ့က အင်အား ၄၀ ဝန်းကျင်သည် အောက်တိုဘာလ ၁ရက် နံနက် ၇နာရီဝန်းကျင်တွင် ရွာဟောင်းဘက်သို့ စစ်ကြောင်းစထိုးလာသဖြင့် တိုက်ပွဲဖြစ်ပွားပြီး စစ်အာဏာရှင်တပ်သားများ ပြန်လည်ဆုတ်ခွာ သွားကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူ ပြောသည်။
အဆိုပါတပ်ဖွဲ့ဝင်များမှာ မြိတ်မြို့နယ် စစ်အာဏာရှင်တပ် (၁၀၁) တပ်ရင်း၏ ရှေ့ကာကင်းက တပ်ဖွဲ့ဝင်များဖြစ်ကြောင်း ဆိုသည်။
“စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲအတွင်း လက်နက်ကြီးက နှစ်လုံးပဲ ပစ်တယ်။ အထိနာပြီး ပြန်ဆုတ်သွားကြတယ်” ဟု အထက်ပါနီးစပ်သူက ပြောဆိုသည်။
တိုက်ပွဲဖြစ်ပြီး နံနက်၁၀နာရီ ၃၀မိနစ် ဝန်းကျင်တွင် တုံးဗျောကြီးကျေးရွာ ကာကင်းစခန်းသို့ ဒဏ်ရာရသူများ အပါအဝင် စစ်အာဏာရှင်တပ်သား ၂၀ ဝန်းကျင် ပြန်လည်ရောက်ရှိလာကြောင်း ဒေသခံများထံမှ သိရသည်။
ကာကင်းစခန်းကို မြိတ်မြို့မှ နာရေးကူညီမှု ကားတစ်စီး ဝင်သွားသည်ကို မြင်တွေ့ရပြီး ဒဏ်ရာရသူများကိုလည်း တွယ်၍ ဝင်သွားသည်ကို မြင်ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ညနေ ၅ နာရီဝန်းကျင်တွင် ကျန်နေသည့် စစ်အာဏာရှင်တပ်သား ၁၀ဦး ဝန်းကျင် ပြန်လည်ဆုတ်ခွာလာပြီး အင်အား ထပ်ဖြည့်၍ အင်အား တစ်ရာ ဝန်းကျင်ဖြင့် ရွာဟောင်းဘက်သို့ စစ်ကြောင်းပြန်ဝင်သွားကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူက ဆိုသည်။
“သေသွားတဲ့ အလောင်းတွေလည်း ပြန်မကောက်သေးဘူး။ အလောင်းကတော့ သုံးလောင်းရှိတယ်လို့ ကြားရတယ်” ဟု အထက်ပါ နီးစပ်သူက ပြောဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ရက်တွင် တော်လှန်ရေးတပ်များသည် စစ်အာဏာရှင်တပ်သားများ ငွေကြေး ကောက်ခံနေသည့် တုံးဗျောကြီးရွာလမ်းဆုံ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ယင်းသို့ တိုက်ခိုက်ပြီးနောက် စစ်အာဏာရှင်တပ်က အင်အားထပ်မံ တိုးမြှင့်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။